Home
မြန်မာသတင်း
နှစ်ပေါင်း ၁၈၀သက်တမ်းရှိ ရှေးဟောင်းကုတင်နှင့် ကျွန်းသေတ္တာ ကိုယ်ပိုင်ထိန်းသိမ်းခွင့်ရရှိ
DVB
·
June 12, 2019
64428142_885814291783335_8747536935163002880_o
62499613_885814125116685_8592865838460043264_o
62489471_885814168450014_6638165259284643840_o
62439452_885814361783328_1542822492618358784_o
62197974_885814515116646_1775425345705476096_o
ရတနာပုံခေတ်ဦးပိုင်း ကာလကတည်းက ဘိုးဘွားအမွေအနှစ်အဖြစ် ကျန်ရစ်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀သက်တမ်းရှိတဲ့ ကျွန်းသားကုတင်နဲ့ ကျွန်းသား သေတ္တာကို ပိုင်ရှင်မိသားစုကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိခဲ့ပါတယ်။ ဒီ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေဟာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ထန်းတပင်ကျေးရွာမှာ ရောက်ရှိနေတဲ့အတွက် ၂၀၁၅ ခုနှစ်မှာ မန္တလေးမြို့ကို ပြန်လည်သယ်ယူ လာခဲ့ပြီး ကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိဖို့ ရှေးဟောင်းအမျိုးသားပြတိုက် ဦးစီးဌာနထံ မနှစ်ကတင်ပြခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သက်ဆိုင်ရာဌာနက စစ်ဆေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး နှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ကိုယ်ပိုင်ထိန်းသိမ်းခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိန်းသိမ်းခွင့်ရရှိတဲ့ ပစ္စည်းပိုင်ရှင် ဦးစိုးဝင်းမြင့်က''နှစ်ပေါင်း ၁၈၀ ကျော်က ဖြစ်ပါတယ်။ အမရပူရခေတ်နောက်ပိုင်း ရတနာပုံ ခေတ်ဦးပိုင်း ဖြစ်ပါတယ်၊ ကျနော်တို့က ပခန်းမင်းကြီး ဦးရန်ဝေးရဲ့ အဆက်အနွယ်တွေ ဖြစ်ပါတယ်''လို့ ပြောပါတယ်။ ဒီပစ္စည်းတွေကို World Monument Fund အဖွဲ့ရဲ့ ရန်ပုံငွေနဲ့ အခမဲ့ လာရောက်ထိန်းသိမ်း ပေးတဲ့အပြင် ထိန်းသိမ်းဖို့နည်းစနစ်တွေကိုပါ သင်ကြားပေးတဲ့အတွက် ရှေးဟောင်းပစ္စည်း ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် နည်းစနစ် ရေးသားပြုစုကာ ရှေးဟောင်း ပစ္စည်း ပိုင်ဆိုင်ထားသူတွေ၊ ဘုန်းတော်ကြီးကျောင်းတွေထံ အခမဲ့ ပေးအပ်လှူဒါန်းမယ်လို့ ဆိုပါတယ်။ အခုလို ကိုယ်ပိုင်ထိန်းသိမ်းခွင့်ရတာဟာ ရှေးဟောင်းပစ္စည်းပိုင်ဆိုင်သူတွေ အနေနဲ့ မိမိကိုယ်တိုင် တရားဝင်ထိန်းသိမ်းနိုင်ဖို့အတွက် လမ်းစဖြစ်ပြီး ရှေးဟောင်းပစ္စည်းဆိုပါက တာဝန်ရှိသူတွေက သိမ်းဆည်းတယ်ဆိုတဲ့ အယူအဆကို ပယ်ဖျက်စေနိုင်တယ်လို့ မန္တလေးမြို့က မြန်မာမှု ဗိသုကာပညာရှင် တမ္ပ၀တီဦးဝင်းမောင်က ပြောပါတယ်။ ဒီရှေးဟောင်းပစ္စည်းတွေကိုတော့ ဖဆပလ အစိုးရခေတ်နောက်ပိုင်းကတည်းက နယ်ဒေသ မှာထားရှိတဲ့အတွက် တန်ဖိုးဖြတ်ဝယ်ယူမှုတွေ လာရောက်ခဲ့ပေမယ့် ရောင်းချခြင်း မပြုဘဲ တန်ဖိုးထားထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရှေးဟောင်းပစ္စည်းတွေကို မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ် ၈၆လမ်း၊ ၃၁လမ်းနှင့် ၃၂ လမ်းကြားက စိုးဝင်းမြင့်ပွဲရုံမှာ ထိန်းသိမ်းထားမှာဖြစ်ပြီး လာရောက် လေ့လာလိုသူတွေ အခမဲ့လေ့လာနိုင်အောင် ဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024