ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက မနီလာမြို့တော်မှာရှိတဲ့ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်မယ်လို့ ဖိလစ်ပိုင်သမ္မတရုံးက ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေကို နှိုးဆွပေးတယ်လို့ တရုတ်နဲ့ ဖိလစ်ပိုင် နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲချက်အပြီးမှာ တရုတ်မြို့တော် ပေကျင်းမှာရှိတဲ့ ဖိလစ်ပိုင် သံအမတ်ကြီးကို တရုတ်က အလားတူ ဆင့်ခေါ်ခဲ့ပါတယ်။ အဲဒီနောက် နာရီပိုင်းအကြာမှာ ဖိလစ်ပိုင် သမ္မတရုံးက ခုလိုပြောခဲ့တာပါ။
မားကို့စ်ဟာ အင်္ဂါနေ့ ညနေ ၅ နာရီမှာ တရုတ်သံအမတ်ကြီး ကျင်းကွမ်ကို ဆင့်ခေါ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
အဲဒီနေ့အစောပိုင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတရဲ့ ဆက်သွယ်ရေးဆိုင်ရာ လက်ထောက်အတွင်းဝန် ကလဲရာ ကက်စထရိုက သတင်းထောက်တွေကို ပြောပါတယ်။
ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ တောင်တရုတ်ပင်လယ်က ဒုတိယသောမတ်စ် ရေတိမ်ပိုင်းမှာ လှော်တက်သုံး ရိုက်နှက်မှုနဲ့ အပြန်အလှန် စွပ်စွဲပြီးတဲ့နောက် တရက်အကြာမှာ သံအမတ်ကြီးတွေကို ဆင့်ခေါ်ခဲ့တာပါ။
ဖိလစ်ပိုင် ရေတပ်သားတယောက်ရဲ့ ဦးခေါင်းကို ရိုက်နှက်ခံရတယ်လို့ ဖိလစ်ပိုင်အရာရှိတွေက ပြောပေမဲ့ တရုတ်ကတော့ ဖိလစ်ပိုင်ဘက်က ဖြစ်ရပ်ကို လှုံ့ဆော်ခဲ့တာလို့ ပြောပါတယ်။
ဖိလစ်ပိုင်ဘက်က ဖြစ်ရပ်ကို အရင်လှုံ့ဆော်ခဲ့ပေမဲ့ နောက်ပြန်လှည့်ပြီး တန်ပြန်စွပ်စွဲခဲ့တယ်၊ အချက်အလက်တွေကို မှားယွင်းဖော်ပြပြီး မကောင်းတဲ့ လှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ဖိလစ်ပိုင် ကမ်းတင်သင်္ဘော BRP ဆီယာရာ မဒရီ ကနေ လွှတ်လိုက်တဲ့ ရော်ဘာလှေ ၂ စင်းက တောင်တရုတ်ပင်လယ်ထဲက တရုတ်ကင်းလှည့်သင်္ဘောတစင်းကို ဝင်တိုက်မိခဲ့တယ်၊ ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေက လှော်တက်တွေ တုတ်ရှည်တွေကို သုံးပြီး တရုတ်တွေအပေါ် စတင် တိုက်ခိုက်ခဲ့တယ်လို့ တရုတ်ကမ်းခြေစောင့်တပ် (CCG) က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
Source: Reuters











