DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးရွာ တရွာလုံးကို အမြောက်တပ်က တရားစွဲ
DVB
·
June 11, 2019
ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးရွာ တရွာလုံးကို အမြောက်တပ်က တရားစွဲ
1 / 5
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေးကျေးရွာတရွာလုံးကို ဒေသအခြေစိုက် အမှတ် ၃၆၀ အမြောက်တပ်ကနေပြီး အကျိုးဖျက်စီးမှု၊ ပိုင်နက်ကျူးကျော်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။

ဒေါဆိုရှေး အခြေစိုက် အမှတ် ၃၆၀ အမြောက်တပ်က သိမ်းယူထားတဲ့ မြေယာပေါ်မှာ ဒေသခံရွာသားတွေက သွားရောက်ထွန်ယက်စိုက်ပျိုးခဲ့တာကြောင့် အခုလို တရားစွဲဆိုတာလို့  တရားစွဲဆိုခံရတဲ့ ရွာသား ဦးသော့မတ်စ်က ပြောပါတယ်။

ဒေသခံရွာသား  ၆ ဦးကို အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇ နဲ့ စစ်တပ်က တရားစွဲဆိုထားပြီး  နောက်ထပ် ရွာသူရွာသား ၃၆ ဦးကိုလည်း ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ တို့နဲ့  ဗိုလ်မှူးအောင်နိုင်ထွေးက အမှုဖွင့်တိုင်ကြားထားတာလို့ ပြောပါတယ်။

မေလ ၈ ရက်ကတော့ ဒီးမော့ဆိုမြို့မရဲစခန်းက ပုဒ်မ ၄၂၇ နဲ့ တရားစွဲဆိုခံရတဲ့ ရွာသား ၆ ဦးကို သူတို့အလုပ်လုပ်ရာ တောင်ယာတွေမှာ သွားရောက်ဖမ်းဆီးစစ်ဆေးပြီး ရဲအာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဦးသော့မတ်စ်က ပြောပါတယ်။

“ပုဒ်မ ၄၂၇ နဲ့က သူတို့ ၆ ဦးစွဲတယ်။ ပုဒ်မ ၄၄၇က တရွာလုံးကိုစွဲတယ်။ အဓိကက ကျနော်တို့ နှစ်တိုင်းစိုက်ပျိုးတဲ့မြေကြီးကို သူတို့က ၀င်လုချင်နေတာပါ။ ဒီနေ့တောင်မှ ကျနော်တို့ ရွာသူရွာသား နေ့တိုင်းထွန် ယက်စိုက်ပျိုးတဲ့မြေပေါ်မှာ သူတို့က ၀င်စိုက်တယ်။ ဒီမနက် ၈ နာရီအချိန်။ ဘာအပင်ဝင်စိုက်လဲတော့မသိဘူး။ ကျနော်တို့ကတော့ နှစ်တိုင်း ပြောင်းဖူးရယ်၊ စပါးရယ်၊ မြေပဲရယ် စိုက်တယ်။”

လက်ရှိ အမှတ် ၃၆၀ အမြောက်တပ် အခြေစိုက်တဲ့တပ်စခန်းဟာ အရင်က ဒေါဆိုရှေး ရွာဟောင်းဖြစ်ပြီး အဆိုပါတပ်ဟာ ၂၀၀၄ ခုကစပြီး ၀င်ရောက်အခြေချခဲ့တာ ဖြစ်ပါတယ်။

ယာယီအနေနဲ့အခြေချခဲ့တာဖြစ်သလို ယခုအချိန်အထိလည်း ယာယီအနေနဲ့ အခြေချထားဆဲ ဖြစ်တယ်လို့လည်း ဦးသောမတ်က ပြောပါတယ်။

“သူတို့သိမ်းတယ်ဆိုတာ ကျနော်တို့ ဆီမှာ တခါမှ အကြောင်းမကြားဖူးဘူး။ ကျနော်တို့ တောင်သူပိုင်တာက ဧက ၂၀၀ ကျော်တယ်။ အခုစစ်တပ်နေတဲ့မြေကြီးလည်း ကျနော်တို့ ရွာဟောင်းမြေကြီးပဲလေ။ ကျနော်တို့ ဘိုးဘွားပိုင်မြေထဲမှာ သူတို့လာနေတယ်။ အခု သူတို့ အကုန်သိမ်းချင်နေတာ။ သူတို့လာနေတာက ၂၀၀၄ မှလာနေကြတာ။ ယာယီအနေနဲ့ လာနေကြတာ။”

ဒါ့အပြင် ရွာသားတွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနေရာကို တပ်က ဘယ်အချိန်ကတည်းက သိပ်ယူထားတယ်ဆိုတာ မသိရသလို သူတို့ကိုလည်း အသိပေးခြင်းမရှိဘဲ ၂၀၁၄ ခုမှသာ တပ်က သိမ်းယူထားမှန်သိရတာလို့ ရွာသားတွေက ပြောပါတယ်။

တပ်ကသိမ်းခဲ့တယ်ဆိုပေမယ့် ရွာသူရွာသားတွေအနေနဲ့ နှစ်စဉ်ထွန် ယက်စိုက်ပျိုးလာခဲ့ကြတာဖြစ်ပြီး အခုနှစ်ကျမှသာ အဆိုမြေနေရာကို ထွန်ယက်စိုက်ပျိုးခြင်းမပြုဖို့ တားမြစ်ခံခဲ့ရပါတယ်။

ရွာသူရွာသားတွေအနေနဲ့ စိုက်ပျိုးစရာ မြေနေရာမရှိတော့တဲ့အတွက် အသက်မွေးဝမ်းကြောင်း တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်ဖို့ အခက်အခဲ တွေ့နေကြပါတယ်။

ဒေသခံရွာသားတဦးက “သိမ်းတယ်ဆိုတာကလည်း မြေသိမ်းဥပဒေနဲ့ တခုမှလည်း မဆောင်ရွက်ထားဘူး။ ကျနော်တို့ ပြည်သူလူထု နစ်နာမှု ဆုံးရှုံးမှုဆိုတာကလည်း အများကြီး ရှိသွားပြီ။ ဒါကြောင့် တပ်ကနေ ဘယ်လောက်ထိမြေသိမ်းဥပဒေနဲ့လိုက်နေလဲ၊ ကျနော်တို့ ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှုအတွက်ရော တရားမျှတမှုရှိအောင် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးအဖွဲ့ရော တရားမျှမှုရှိအောင် ဘယ်လိုစဉ်စားပေးနိုင်မလဲ။ ကျနော်တို့ ပြည်သူတွေ တအားနစ်နာနေပြီ။ ကျနော်တို့ တောင်ယာမရှိရင် ကျနော်တို့ ဘယ်လိုမှ ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ၆ မိုင်စံပြကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကာပရေးလယ်ကတော့  ဒီနယ်မြေကို တပ်ပိုင်နယ်မြေအဖြစ် သတိပေးထားပြီး ဒေသခံတွေက ဆက်လက်လုပ်ကိုင်တဲ့ အတွက် အခုလို တရားစွဲဆိုမှုတွေဖြစ်ပွားတာလို့ ပြောပါတယ်။

“တရားစွဲဆိုတယ်ဆိုတာက ဒီနေရာက တပ်နယ်မြေဆိုပြီးမှ  ပြောထားတာရှိတယ်။ နောက် အထောက်အထားတွေရှိတယ်ဆိုပြီးမှ သူတို့က ပြထားတာပေါ့။ ဒါပေမယ့် ကျေးရွာကလူတွေက ဒါကျနော်တို့ ဘိုးဘွားကတည်းက လုပ်စားနေတဲ့မြေကွက်၊ နောက်ပြီးတော့ အခုထိ လုပ်စားနေတာပေါ့။ အဲဒါမျိုးပြောရင်းဆိုရင်းနဲ့ပဲ  အခုက လူကြီးတွေက လာပြီးမှ ဆက်လက်မလုပ်ဖို့၊ တကြိမ်နှစ်ကြိမ် လာပြောထားတာ။ ဆက်လက်လုပ်နေတဲ့အတွက် သူက တရားစွဲတာ။”

အဆိုပါ မြေနေရာဟာ တပ်နဲ့ နီးကပ်တဲ့နေရာဖြစ်တဲ့အတွက် တပ်ဘက်ကလည်း ရွာသားတွေ အနီးနားမှာ မလုပ်ကိုင်စေလိုကြောင်းလည်း ပြောပါတယ်။ အဆိုပါ မြေယာပြဿနာနဲ့ ပတ်သက်ပြီး အမှတ် ၃၆၀ အမြောက်တပ်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။    

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013