
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်အာဏာရှင်တပ်က ဧပြီ ၁၉ ရက် ညနေ ၆ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာသား တယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာပြင်းထန်ရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဝက်လက်နယ်စပ် ကျေးရွာတွေဖြစ်တဲ့ ကျောက်ကုန်း၊ မင်းဂံ၊ လှတွေ ကျေးရွာတွေနဲ့ စစ်ကိုင်းနယ်က ရွှေစည်းခုံ စတဲ့ကျေးရွာ ၄ ရွာကို တံတားဦးလေဆိပ်က တက်လာတဲ့ E 20 လေယာဉ်တစီးနဲ့ ဗုံးကြဲ တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေစည်းခုံကျေးရွာက အရပ်သား အမျိုးသားတယောက် သေဆုံးကာ ၂ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးလည်း မီးလောင် ပျက်စီးခဲ့ကာ ကျန်ကျေးရွာတွေကတော့ နေအိမ် မီးလောင် ပျက်စီးတာပဲရှိပြီး လူထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက သစ်ကြီးတောရွာ ဘုန်းကြီးကျောင်းနဲ့ အုတ်ပုံရွာက နေအိမ်တွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် လေကြောင်းကနေပါ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတပါးနဲ့ အမျိုးသားတယောက်တို့ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁၅ ရက် မနက် ၉ နာရီလောက်က ရွှေဘိုမြို့တောင်ဘက် မြို့အဝင်မှာရှိတဲ့ စစ်တပ် စစ်ဆေးရေး အထိုင်ဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ သစ်ကြီးတောရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သက်တော် ၆၀ အရွယ် ဦးပဉ္ဇင်းတပါးနဲ့ အသက် ၃၅ နှစ်အရွယ် ကပ္ပိယတယောက်တို့ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်လည်း ပျက်စီးခဲ့ပါတယ်။
အလားတူ ဧပြီ ၁၆ ရက် နေ့လယ် ၁ နာရီခွဲမှာလည်း တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်တစင်းဟာ အုပ်ပုံကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဗုံးဟာ နေအိမ်ပေါ်ကို တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“သစ်ကြီးတောရွာကိုတော့ တောင်ဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကျောင်းခေါင်မိုးကို သွားမှန်ပါတယ်။ ဦးပဉ္ဇင်းကတော့ မစိုးရိမ်ရပေမဲ့ ကပ္ပိယကတော့ ဒဏ်ရာများတယ်။ ခန္ဓာကိုယ်အနှံ့ကို ဗုံးစမှန်ထားပြီး နောက်ကျောကနေ ရှေ့ကို ဖောက်ထွက်ကာ အဆုတ်ကိုပါ ထိသွားတဲ့အတွက် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ အုတ်ပုံရွာကိုတော့ ဂျက်ဖိုက်တာနဲ့ ဗုံးချတာဖြစ်ပြီး အိမ်ပေါ်ကိုကျလို့ အိမ် ၅ လုံး မီးလောင်ပြီး နွား ၂ ကောင် သေဆုံးခဲ့ပါတယ်။ သင်္ကြန်ကာလအတွင်းမှာ စစ်တပ်က မြို့ပတ်ပတ်လည်က ရွာတွေကို ဆက်တိုက် ဗုံးကြဲနေလို့ ပြည်သူတွေ တိမ်းရှောင်နေရတာ ကြာပြီဖြစ်တဲ့အတွက် အုတ်ပုံရွာဘက်မှာ လူထိခိုက်မှု ရှိ၊ မရှိကိုတော့ အတိအကျ မသိရသေးပါဘူး။”
ဒါ့အပြင် ဧပြီ ၁၃ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ထန်းဇင်ကျေးရွာ စာသင်ကျောင်းတို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒုလ္လဘရဟန်း ၂ ပါး ပျံလွန်တော်မူခဲ့ပြီး၊ ဒုလ္လဘရဟန်း ၁၆ ပါးအပါအဝင် ပြည်သူ ၅ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်တပ်ဟာ သင်္ကြန်မတိုင်မီ ဧပြီ ၃ ရက်ကစလို့ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်အထိ ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို လေယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ဧပြီ ၃ ရက်မှ ၁၆ ရက်အထိ ၁၄ ရက်အတွင်းမှာ သံဃာ ၃ ပါး၊ အသက် ၄၅ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၃ ယောက်တို့ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ကလေးငယ် ၃ ယောက် အပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ သစ်သားရောင်းတဲ့ဆိုင် တဆိုင်၊ နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ကာ ဘုရားစေတီ ၃ ဆူ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ်တချို့နဲ့ စစ်ဘေးရှောင်တဲတွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ လေကြောင်းရန်ကာကွယ်နိုင်ရေးအတွက် ကတုတ်ကျင်းတွေ တူးထားကြဖို့နဲ့ အမြဲသတိနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။










