DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် အကျဉ်းကျ မြန်မာနိုင်ငံသားတဦးထံမှ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
November 16, 2012
Donate to DVB

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းခရိုင်အကျဉ်းထောင်ထဲမှာ မြန်မာအကျဉ်းသားတဦးဆီက ယာဘ (မြင်းဆေး) အလုံးပေါင်း ၂ ထောင် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ချင်းရိုင်းခရိုင် အကျဉ်းထောင် ညွှန်ကြားရေးမှူး  နိုင်းကရိတ် ကဆယ်ထစ်က  ဒီနေ့မနက်  သတင်းစာရှင်းလင်းပွဲမှာ “တရားခံတွေကို  ရုံးထုတ်ဖို့အတွက် အကျဉ်းထောင်ကနေ အပြင်ခေါ်ထုတ်လာရာက  တရားရုံးကအပြန်မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာတာတွေ ရှိနေကြောင်း၊ မူးယစ်ဆေးရောင်းဝယ်မှုနဲ့ အကျဉ်းကျနေတဲ့   မြန်မာနိုင်ငံသား အခါလူမျိုး အားဖာ ပီချဲ (အသက် ၂၅) နှစ်ဆီကနေ  ယာဘ အလုံးရေ ၁ ထောင်ကို မနေ့ ညနေပိုင်းက ၁ ကြိမ်၊ ဒီနေ့ မနက် စောစောမှာ နောက်ထပ် ၁ ထောင်၊ စုစုပေါင်း ၂ ထောင် စစ်ဆေးတွေ့ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

အားဖာဟာ မူးယစ်ဆေးသယ်ဆောင်လာသူလို့ တိုင်တန်းချက်တွေရှိတဲ့အတွက် မနေ့က ရုံးထုတ်ပြီးအပြန် အခြား အကျဉ်းသားတွေနဲ့ ခွဲထုတ်ပြီး ခန္ဓာအနှံ့စစ်ဆေးရာမှာ စအိုထဲမှာ ပလတ်စတိတ်နဲ့ထည့်ပြီး ၀ှက်ထားတဲ့ ယာဘတွေ တွေ့ရှိခဲ့တာပါ။

အားဖာကလည်း ယခင် မူးယစ်ဆေးရောင်းဝယ်မှုမှာ အကြွေးတွေ တင်ရှိနေတဲ့အတွက် အကြွေးကျေဖို့ ခုလိုလုပ်ပေးရတာဖြစ်ပြီး ယာဘ တလုံးကို ဘတ် ၅၀၀ နဲ့ ရောင်းချကြောင်း ၀န်ခံဖြောင့်ချက် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ချင်းရိုင်းအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ကနေ့အထိ  အကျဉ်းသားတွေဆီကနေ ယာဘ အလုံးပေါင်း ၇၀၀၀၊ ဟီးရိုးအင်း ၂၀ ဂရမ်၊ အိုက်စ်ဆေး ၂၈ ဂရမ်နဲ့ လက်ကိုင်ဖုံးအလုံးပေါင်း ၁၆၀ ဖမ်းဆီးရမိခဲ့တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013