
စစ်ကိုင်းတိုင်ဒေသကြီး၊ ဘုတလင်မြို့နယ်ထဲမှာ ကြွက်တွေ အစုလိုက်သေဆုံးခဲ့ရတာဟာ ဘက်တီးရီယားပိုးတမျိုးကြောင့်ဖြစ်ပြီး ပလိပ်ရောဂါပိုးမတွေ့ရဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဘုတလင်မြို့နယ်၊ မောင်းထောင်ရွာနဲ့ ဒါန်းတိုင် ကျေးလက်ကျန်းမာရေးဌာနခွဲ လက်အောက်က ရွာ ၃ ရွာမှာ ခုလဆန်းပိုင်းက ကြွက်တွေအစုလိုက် အပြုံလိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကိုင်းတိုင်း အထူးရောဂါနှိမ်နင်းရေးအဖွဲ့က ဆရာဝန်တွေ ဦးဆောင်ပြီး အဲဒီ ရွာတွေကို သွားရောက်ကွင်းဆင်းခဲ့သလို ရွာမှာရှိသူတွေကို ကြွက်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း ကျန်းမာရေး အသိပညာပေးတာ၊ ကြွက် ကျရောက်တဲ့အိမ်တွေ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ လူထုထဲကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကွင်းဆင်းတွေ့ရှိချက်တွေအရ အိမ်ထဲ၊ အိမ်ဝန်းနဲ့ အပြင်ဘက်တွေမှာ ကြွက်ဖလောင်း ကောင်ရေ ၄၀၀ လောက် အစုလိုက်သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
သေဆုံးတဲ့ကြွက် ၂ ကောင်ရဲ့ အသည်းနဲ့ သရက်ရွက်တို့ကို ဓာတ်ခွဲနမူနာတွေယူပြီး အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်ကို ပေးပို့စစ်ဆေးခဲ့ရာမှာ လူကိုကူးစက်စေနိုင်တဲ့ ပလိပ်ပိုး (Yersinia pestis (Plague bacilli) မတွေ့ရဘူးလို့ အဖြေထွက်ခဲ့ပါတယ်။
မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနရဲ့ ဓာတ်ခွဲရလဒ်တွေအရ ကြွက်တွေဟာ ကြွက်မှာပဲ ဖြစ်တတ်တဲ့ Pasteurella pneumotropica ဘက်တီးရီးယားရောဂါပိုးကြောင့် သေတာဖြစ်ပြီး အဲဒီ ဘက်တီးရီးယားဟာ လူကို ကူးစက်နိုင်ခြေ အင်မတန်နည်းတယ်လို့လည်း ဆိုပါတယ်။
ကြွက်အများဆုံးသေဆုံးခဲ့တဲ့ မောင်းထောင်ရွာမှာ အဖျားအနာအခြေအနေကို နောက်ထပ် ရက်သတ္တပတ် ၂ ပတ်လောက် စောင့်ကြည့်မှာဖြစ်ပြီး ကြွက်တွေ ထပ်သေဆုံးရင်လည်း ချက်ချင်း သတင်းပို့နိုင်ဖို့ ပြည်သူလူထုကို အသိပေးလှုံ့ဆော်ထားတယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။











