DVB Logo
Home
Lead Story
ပြည်သူ့စာဆိုတို့၏ စာပေကျေးဇူးအတွက် နှောင်းလူတို့ တာဝန်ကျေစေချင် (အယ်ဒီတာအာဘော်)
DVB
·
June 11, 2019
ပြည်သူ့စာဆိုတို့၏ စာပေကျေးဇူးအတွက် နှောင်းလူတို့ တာဝန်ကျေစေချင် (အယ်ဒီတာအာဘော်)
Donate to DVB

ခေတ်တို့ပြောင်းလဲခဲ့ကြသည်။ စနစ်တို့ပြောင်းခဲ့ကြပြီ။ လူမှုဘဝ ပတ်ဝန်းကျင်တို့လည်း ပြောင်းလဲခဲ့ကြသည်။ ယဉ်ကျေးမှုတို့ မတူညီတော့။ သမုတိသစ္စာကို ဖြစ်တန်ရာ အခြေပေါ်တွင် တည်ဆောက်ခဲ့ကြသည်။

သည့်အတွက် ဗဟုဝါဒတို့ အသံပိုကျယ်လာသည်။ နိုင်ငံစုံယဉ်ကျေးမှုတို့ ခေါင်းထောင်လာသည်။ သို့စေကာမူ ပြောင်းလဲလာသော ခေတ်တိုင်းခေတ်တိုင်း၌ ထိုအပြောင်းအလဲကို သယ်ဆောင်လာခဲ့ကြသော ပညာရှင်များ၊ အနုပညာရှင်များ၊ စာရေးဆရာများ၏ သူ့ခေတ်နှင့် သူ့တန်ဖိုးကို မမေ့မလျော့သင့်။

သူတို့အမြင် သူတို့အတွေးတို့သည် ခေတ်နှင့်အံမဝင်သည်တို့လည်း ရှိကောင်းရှိနိုင်သည်။ သို့စေကာမူ အပြောင်းအလဲတခုကို အားထုတ်ကြိုးပမ်း သယ်ဆောင်ခဲ့ကြသည်ကိုကား အသိအမှတ် ပြုကြရပေမည်။ ဤသည်ပင် မြန်မာတို့၏ မွန်မြတ်သော တန်ဖိုးထားစိတ်ဟု ဆိုရမည်သာ။

မကြာသေးခင်ရက်များအတွင်း ထိုဆရာကြီးများ၏ ဂုဏ်ကျေးဇူးကို သတိတရ ဖော်ထုတ်၍ ရာပြည့်ပွဲများ ကျင်းပခဲ့ကြသည်။ ဒဂုန်တာရာ ရာပြည့်၊ သော်တာဆွေ ရာပြည့်၊ ဗန်းမော်တင်အောင် ရာပြည့်အကြိုပွဲ စသည့် အောက်မေ့သတိတရ ကျင်းပခဲ့ကြသည်။ ကြည်နူးချမ်းမြေ့ဖွယ်ရာပင်။

ထိုသို့ ပွဲတော်များ ကျင်းပရာတွင် သက်ဆိုင်ရာ စာရေးဆရာကြီးများ၏ မိသားစုနှင့် အသိုင်းအဝိုင်း တပည့်တပန်းများက ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်။

အစိုးရမဟုတ်သော ပုဂ္ဂလအဖွဲ့အစည်းများက ဦးစီးကျင်းပခဲ့သည်ကို တွေ့ရသည်။ နေရာမတူ၊ ဒေသမတူ မိမိတို့ အဆင်ပြေသလို ကျင်းပခဲ့ကြသည်။ အဖွဲ့အစည်းအား၊ မိသားစုရဲ့ ငွေကြေးဓနအင်အားအပေါ် မူတည်၍ ပရိသတ် နည်းခြင်း များခြင်းကတော့ မတူ ကွဲပြားနေမည်ပင်။

ပွဲစီစဉ်သူများကတော့ စာရေးဆရာကြီးများ၏ အမှတ်တရနေ့ရက်များကို ခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလိုသည်။ သို့သော် ရန်ပုံငွေအင်အား မလုံလောက်ဟု ရင်ဖွင့်ကြသည်။ နိုင်ငံတော်အစိုးရ သို့တည်းမဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် နိုင်ငံတော်အဆင့်၊ ဒေသအဆင့်ပွဲများ ကျင်းပလိုသည့်ဆန္ဒ ရှိကြသည်။ သို့သော် လက်ရှိအနေအထားအရ အစိုးရက ရန်ပုံငွေကူညီရန် မဆိုထားနှင့် အထင်ကရ မြန်မာ့သမိုင်းဝင် စာဆိုတော်ကြီးများ၏ အမှတ်တရ နေ့ရက်များတွင် လက်ရှိအစိုးရ တာဝန်ရှိသူ တဦးတယောက်မှ တက်ရောက်လာသည်ကို မမြင်တွေ့ရပေ။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဇွန်လ ၉ ရက်နေ့ကတော့ ရန်ကုန်တွင် ဆရာဗန်းမော်တင်အောင်၏ ရာပြည့်အကြိုပွဲ ကျင်းပသွားရာ အစိုးရ ပြန်ကြားရေးလက်အောက်ရှိ စာပေဗိမာန်က ခန်းမနေရာ ကူညီပေးခဲ့သည်။

"လူတ​ယောက်​ရဲ့တန်​ဖိုးဟာ သူ ဖြတ်​သန်း​ကျော်​လွှား​နေတဲ့ ​ခေတ်​ကြီးက သူ့ပုခုံး​ပေါ် တင်​​ပေးလိုက်​တဲ့ သမိုင်းတာဝန်​ကို သူဘယ်​​လောက်​ သယ်​ပိုး ထမ်းဆာင်​ခဲ့တယ်​ဆိုတဲ့ အချက်​နဲ့ တိုင်းတာရမှာပဲ" ဆိုသော ဆရာဗန်းမော်တင်အောင် ပေးခဲ့သော ပေတံဖြင့် တိုင်းကြည့်လျှင် ရာပြည့်ကို ဖြတ်သန်းပြီးခဲ့ကြသော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာ ပီမိုးနင်း၊ ဆရာ ဇေယျ၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဆရာ ဒဂုန်တာရာ၊ ဆရာ သော်တာဆွေ စသဖြင့် ရှေးစာရေးဆရာကြီးအားလုံး သူတို့ဖြတ်သန်းရာ ခေတ်တိုင်းအပေါ် တာဝန်ကျေခဲ့ကြသည်။

ပြည်သူကို စာပေဖြင့် မျက်စိအလင်း ဖွင့်ပေးခဲ့ကြသော ပြည်သူချစ်သော စာရေးဆရာကြီးများကို မျက်မှောက်စာပေအသိုင်းအဝိုင်းနှင့်တကွ စာဖတ်ပရိသတ် အပေါင်းတို့ကလည်း တာဝန်ကျေရန်နှင့် သူတို့၏ စာပေကျေးဇူးကို သိတတ်ကြရန် အထူးလိုသည်။

အမှန်ဆိုလျှင် ပြည်သူချစ်သော စာရေးဆရာကြီးများ၏ အမှတ်တရ နေ့ရက်များကို နိုင်ငံတော်အစိုးရ ပြန်ကြားရေးဌာနအနေဖြင့် ဦးစီးဦးဆောင်ပြု၍ ကျင်းပပေးနိုင်မည်ဆိုလျှင် ပို၍ တာဝန်ကျေပေလိမ့်မည်ဟု ရှုမြင်သည်။

စာရေးဆရာကြီးများ၏ စာပေကျေးဇူးကို ဂုဏ်ပြုသောအားဖြင့် ဂိုဏ်းဂဏစိတ်ကို ဘေးဖယ်ထားကာ တိုင်းရင်းသားဒေသက စာပေပညာရှင်များ အပါအဝင် ပြည်သူ့ စာရေးဆရာကြီးများ၏ စာပေလက်ရာမွန်များကို အမှတ်တရ ဖော်ထုတ်ကာ အနာဂတ်မျိုးဆက်သစ်များ လေ့လာနိုင်ရန်အတွက် စာတမ်းဖတ်ပွဲများ၊ အထိမ်းအမှတ် နေ့ရက်များကို တခမ်းတနား ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပေးရန် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013