DVB Logo
Home
မြန်မာသတင်း
ရင်ခွင်မဲ့ကလေး ပပျောက်ရေး အမျိုးသားများ ကိုယ့်တာဝန်ကိုယ်ယူရန် လူမှုရေးဝန်ကြီး တိုက်တွန်း
DVB
·
June 10, 2019
ရင်ခွင်မဲ့ကလေး ပပျောက်ရေး အမျိုးသားများ ကိုယ့်တာဝန်ကိုယ်ယူရန် လူမှုရေးဝန်ကြီး တိုက်တွန်း
1 / 3
Donate to DVB

ရင်ခွင့်မဲ့ကလေးငယ် လျော့နည်းပပျောက်ရေးအတွက် အမျိုးသားတွေအနေနဲ့ ကိုယ့်ကြောင့်ဖြစ်လာတဲ့ ကိုယ်ဝန်ကို တာဝန်ယူရဲတဲ့သတ္တိရှိရမယ်လို့ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီးက ဇွန်လ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မုံရွာမြို့မှာပြုလုပ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးငယ် လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းရုံးဖွင့်ပွဲ၊ တိုင်းခရိုင်မြို့နယ်အဆင့် အသင်းတွေကို အလံပေးအပ်ပွဲနဲ့  ကတိသစ္စာခံယူပွဲမှာ အခုလို ပြောလိုက်တာပါ။

တိုင်းအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက “ကိုယ့်ကြောင့်ရလာတဲ့ ကလေး၊ ကိုယ်ဝန်ကို တာဝန်ယူရဲတဲ့ စိတ်ဓာတ်ရှိပြီဆိုရင် ရင်ခွင့်မဲ့ ကလေးငယ်တွေ ပေါ်ပေါက်လာစရာ မရှိပါဘူး။ အဲဒါကြောင့် အမျိုးသားတွေကလည်း ကိုယ့်ကြောင့်ဖြစ်လာတဲ့ ပြဿနာကို တာဝန်ယူ ရဲရမယ်။ တချို့ဆို ကိုယ်ဝန်ရတဲ့အတွက် ကလေးမွေးရမှာ ရှက်အားကြီးပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် ဖြစ်တတ်ပါတယ်။ အဲလိုမဖြစ်အောင် ဖေးမကူညီရမယ်။ လက်တွဲ ရမယ်။ ကူညီဆောင်ရွက်ရမယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရင်ခွင့်မဲ့ကလေးငယ်လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက မြန်မာနိုင်ငံအမျိုးသမီးအသင်းအဖွဲ့ ၇ ဖွဲ့က တခုအပါအဝင်ဖြစ်ပါတယ်။ ဒီအသင်းတွေကို တိုင်းနှင့် ပြည်နယ်တွေတင်မက ခရိုင်၊ မြို့နယ်တွေအထိ လိုက်လံဖွဲ့စည်းနေတာပါ။ စစ်ကိုင်းတိုင်းအနေနဲ့ ခရိုင် ၂ ခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကလွဲရင် အားလုံးမှာ ဖွဲ့စည်းပြီးသွားပြီလို့ သိရပါတယ်။

အသင်းရဲ့ ရည်ရွယ်ချက်အနေနဲ့ ရင်ခွင့်မဲ့ကလေးငယ်တွေ လျော့နည်းပပျောက်စေရေး၊ ဖြစ်ပေါ်လာတဲ့ ရင်ခွင့်မဲ့ကလေးငယ်တွေကို စနစ်တကျ ပြုစုစောင့်ရှောက်မှု ရရှိစေရေး၊ ကလေး သူငယ်အခွင့်အရေးမဆုံးရှုံးစေရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတာပါ။

ရင်ခွင်မဲ့ကလေးငယ်လျော့နည်း ပပျောက်ရေးအတွက် မလိုလားအပ်ဘဲ ကိုယ်ဝန်ဆောင် တာတွေမဖြစ်အောင် သားဆက်ခြားပညာပေးတာ၊ သက်ငယ်မုဒိမ်းတွေ မဖြစ်ပွားအောင် ပညာပေးတာတွေအပြင် ရင်ခွင်မဲ့ကလေးတွေ ဖြစ်နိုင်ခြေများတဲ့ Single Mother တွေကို ကလေးတွေ မစွန့်ပစ်ဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီ စည်းရုံးလှုံ့ဆော်ဖို့ လိုအပ်နေတယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း မုံရွာမြို့မှာ မွေးကင်းစကလေးငယ်စွန့်ပစ်မှု အနည်းဆုံး ၃ ကြိမ်ထက် မနည်းရှိခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားကို မြန်မာနိုင်ငံ ရင်ခွင့်မဲ့ကလေးငယ် လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းဗဟိုတာဝန်ရှိသူတွေ၊ တိုင်း၊ ခရိုင်နဲ့ မြို့နယ် တာဝန်ရှိသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့  ပရဟိတအသင်းအဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013