DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းမှအမုန်းစကားဖြန့်ဝေမှု မန္တလေးလူငယ်ကွန်ရက်က စစ်တမ်းကောက်ယူမည်
DVB
·
June 10, 2019
အွန်လိုင်းမှအမုန်းစကားဖြန့်ဝေမှု မန္တလေးလူငယ်ကွန်ရက်က စစ်တမ်းကောက်ယူမည်
Donate to DVB

မန္တလေးခရိုင်အပါအဝင် ခရိုင်လေးခုမှာ အမုန်းစကားဖြန့်ဝေမှုတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းတခုကို မန္တလေးတိုင်း လူငယ်ကွန်ရက် (Mandalay Region Youth Network) က ကောက်ယူဖို့ စီစဉ်နေပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ အမုန်းစကား ဖြန့်ဝေလာမှုတွေကြောင့် လူသားအချင်းချင်း သဟဇာတမဖြစ်မှုတွေ၊ ပဋိပက္ခအသွင်ဆောင်လာတာတွေ၊ မငြိမ်းချမ်းတဲ့ကိစ္စတွေ ဖြစ်လာတာနဲ့ ပတ်သက်ပြီး လျော့နည်းစေဖို့ လူငယ်တွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေဖြေရှင်းဖို့ ကြိုးစားတာလို့ ဆိုပါတယ်။

အမုန်းစကားနဲ့ပတ်သက်ပြီး မေးခွန်း ၂၅ ခုလောက်ပါဝင်တဲ့ ဒိီ စစ်တမ်းကောက်ယူမှုကို မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင်နဲ့ ပျဉ်းမနားခရိုင်တွေမှာ လူငယ်တွေရဲ့ ဦးဆောင်မှုနဲ့ ကောက်ယူမယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး လူငယ်ကွန်ရက်ရဲ့ ဥက္ကဋ္ဌ ကိုဝေလွင်ဦးက "ဖြစ်ရတဲ့ ပြဿနာအကြောင်းရင်းနဲ့ ဘာကြောင့် လူတွေက ဖြန့်ဝေရတာတုန်း၊ သူများကို အလိုလိုမုန်းလာတာတုန်း၊ အလိုလိုမုန်းလာတဲ့ စိတ်တွေ လျော့နည်းသွားအောင် ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ၊ local တွေရဲ့ အမြင်တွေရယ်၊ လက်ရှိ ကျနော်တို့ ဒေသတွေရဲ့ အမြင်တွေကို မီးမောင်းထိုးပြဖို့ အစီအစဉ်တွေရှိပါတယ်” လို့ ပြောပါတယ်။

လူသားတွေရဲ့ မသိစိတ်ထဲ ထိပါးရောက်ရှိအောင် အမုန်းစကားဖြန့်ဝေမှု အားကောင်းလာတာနဲ့အမျှ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ လက်တွေ့ဖြေရှင်းဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။

"Hate Speech ကြောင့် ဖြစ်နေတာတွေက လူသားတယောက်ချင်းစီက စိတ်ဓာတ်တွေ ကျသွားတယ်၊ တချို့ဆို ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ၊ တချို့ဆို Social Media ကိုကြောက်ပြီးတော့ အသက်မရှူချင်တော့အောင် ဖြစ်လာတဲ့သူတွေ များလာတယ်ပေါ့နော်၊ အဲ့ဒီအတွက် ကျနော်တို့က လူသားချင်းစာနာထောက်ထားတယ်၊ ဒါပေမယ့် ကျနော်တို့က ပါးစပ်ကပြောလို့ မရတော့ဘူး၊ လက်တွေ့ဆန်ဆန် ဒါကိုလုပ်ရတော့မယ်'' လို့ ကိုဝေလွင်ဦးက ဆက်လက်ပြောပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရှေးရှုသွားနေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဒေသတွေနည်းတူ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ အရပ်ဒေသက လူငယ်တွေဟာလည်း ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ ရရှိလာဖို့ အမုန်းစကားကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နှောင့်နှေးနေတာမျိုးတွေ မရှိဖို့ လိုတယ်လို့လည်း မိတ္ထီလာမြို့က လူငယ်တဦးဖြစ်တဲ့ မအိအိထွန်းက ပြောပါတယ်။

"မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သွားနေတာ၊ Hate Speech ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တဖက်တလမ်းက သွားပြီးတော့ ထိခိုက်တယ်လေ။ ဘာပဲပြောပြော ငြိမ်းချမ်းမှပဲ လူငယ်တွေ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တခုကို ပိုင်ဆိုင်မှာ၊ ဒီလိုမျိုး ဝုန်းဝုန်းဒိုင်းဒိုင်း စစ်တွေဖြစ်ပြီးတော့ ဆက်သွားနေမယ်ဆိုလို့ ရှိရင်တော့ မြို့ပြက လူငယ်တွေကတော့ အကျိုးခံစားခွင့်တွေ အခွင့်အလမ်းတွေ အများကြီးရှိပေမယ့် ခေါင်တဲ့ဒေသတွေ၊ စစ်ဖြစ်နေတဲ့ဒေသတွေက လူငယ်တွေကတော့ ဒီလိုမျိုး စစ်ပွဲတွေကြောင့် သူတို့မှာ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ မရှိဘူး၊ ဒါမျိုးနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်တော့ ထိမှာပေါ့နော်၊ ဘာလို့လဲဆိုတော့ ဒီ Hate Speech တွေကြောင့်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်က နှောင့်နှေးနေတာဆိုတော့'' လို့ ပြောပါတယ်။

အမုန်းစကားဖြန့်ဝေမှု လျော့နည်းစေဖို့အတွက် လူငယ်တွေ့ဆုံဆွေးနွေးပွဲ တရပ်ကိုလည်း ဇွန် ၁၀ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းအတွင်းက လူငယ်တွေ၊ LGBT အဖွဲ့အစည်းတွေ၊ NGOတွေ၊ INGO တွေနဲ့ အမျိုးသမီးအရေး ကျားမတန်းတူအခွင့်အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေက လူငယ်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013