DVB Logo
Home
Lead Story
နိုင်ငံခြားချေးငွေများနှင့် လွှတ်တော်များ၏ အခန်းကဏ္ဍ (အယ်ဒီတာအာဘော်)
DVB
·
June 10, 2019
နိုင်ငံခြားချေးငွေများနှင့် လွှတ်တော်များ၏ အခန်းကဏ္ဍ (အယ်ဒီတာအာဘော်)
Donate to DVB

ဧပြီ ၂၉ ရက်က စတင်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အသီးသီး၏ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ဇွန် ၇ ရက်တွင် ရပ်နားလိုက်ပြန်သည်။

ရက် ၄၀ ကြာ ကျင်းပခဲ့သည့် လွှတ်တော်များတွင် ဥပဒေ ၁၀ ခု အတည်ပြုနိုင်ခဲ့ပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကဲ့သို့ အပြင်းအထန် ဆွေးနွေးခဲ့ကြရသည့် ဥပဒေများလည်း ပါဝင်သည်။

ထို့အပြင် ပြည်ပချေးငွေကိစ္စရပ် ၆ ခုကိုလည်း အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံ၏ ချေးငွေရယူထားမှု များပြားသောကြောင့် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တို့က ကန့်ကွက် ဆွေးနွေးခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

ပြည်ထောင်စုလွှတ်တော် နောက်ဆုံးကျင်းပသည့်ရက် ဇွန် ၇ ရက်တွင်ပင်လျှင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ရန် ဒေါ်လာသန်း ၁၀၀ ချေးယူမည့်ကိစ္စကို မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူပေါင်း ၁၆၇ ဦးထိ ရှိခဲ့သည်။

ချေးငွေများရယူမည့် ကိစ္စရပ်များတွင် ကန့်ကွက်ခဲ့ကြသူများက နိုင်ငံတော်၏ ချေးငွေအရပ်ရပ်သည် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၈၆ ဘီလီယံအထိ ရှိနေသည်ကို ထောက်ပြ ဆွေးနွေးသွားကြသည်။

ပြည်ပချေးငွေဖြင့် တည်ဆောက်ပြုပြင်မည့် ကိစ္စရပ်များကိုကြည့်လျှင် မလုပ်မဖြစ် လုပ်ရတော့မည့် လုပ်ငန်းများ ပါဝင်နေသည်။

ဥပမာ ရေအားလျှပ်စစ်စက်ရုံ ၅ ရုံ အလုံးစုံပြုပြင်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးယူမည့်ကိစ္စ၊ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ကောင်းမွန်စေရန် ထိုင်းနိုင်ငံအစိုးရ၊ NEDA ထံမှ ထိုင်းဘတ်ငွေ ၁၄၅၈ ဒသမ ၂၄၈ သန်း ချေးယူမည့်ကိစ္စရပ်များ ဖြစ်သည်။

အလားတူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ရန် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ထံမှ ဒေါ်လာသန်း ၁၀၀ ချေးယူမည့် ကိစ္စရပ်သည်လည်း မဖြစ်မနေ လုပ်ဆောင်ပေးရမည့် ကိစ္စရပ်များ ဖြစ်နေသည်ကို တွေ့ရသည်။

ပြည်ပချေးငွေများကို ပြည်ထောင်စုလွှတ်တော်က လွယ်လွယ်ကူကူ ခွင့်ပြုပေးနေသည် မဟုတ်ဘဲ အနည်းဆုံး သက်ဆိုင်ရာ ဝန်ကြီးဌာန ၂ ခု၏ ရှင်းလင်းတင်ပြချက်များကို ကြည့်သည်။ ပြီးလျှင် သက်ဆိုင်ရာ ငွေစာရင်းပူးပေါင်းကော်မတီလို ကော်မတီများ၏ လေ့လာသုံးသပ်ချက် အစီရင်ခံစာများအား နာကြားသည်။

ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ခေါ်ဆွေးနွေးစေပြီး ကိုယ်စားလှယ်များ၏ ထောက်ပြသည်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ကျေလည်အောင် ရှင်းပြရသည်။ ပြီးမှ ချေးငွေယူသင့် မယူသင့် လွှတ်တော်တွင်း စက်ခလုတ်သုံးပြီး မဲခွဲဆုံးဖြတ်တာ ဖြစ်သည်။

ဒီတကြိမ် လွှတ်တော်များတွင် ထူးခြားချက်က ပြည်ပချေးငွေအားလုံးကို အရင်လို သက်ဆိုင်ရာဌာနက တောင်းခံခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတော်သမ္မတက ပေးပို့သည့် ချေးငွေကိစ္စရပ်များချည်း ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရသည်။

ချေးငွေကိစ္စအပြင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီးလည်း  ယခုအကြိမ်လွှတ်တော်တွင် ကော်မတီတရပ် ဖွဲ့စည်းခြင်းတခုသာ လုပ်ဆောင်ခဲ့ပြီး ယင်းသို့ ကော်မတီဖွဲ့ခြင်းကို တပ်မတော်ကိုယ်စားလှယ်တဦးက မတ်တပ်ရပ် ကန့်ကွက်ခဲ့သည်။

အရင်လွှတ်တော်များတွင်လို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ထရပ်ပြီး ကန့်ကွက်သည့်ပုံစံမျိုး မမြင်မတွေ့ခဲ့ရပေ။

မေးခွန်းမေး၊ အဆိုတင် လွှတ်တော်ကိစ္စရပ်များတွင် ကိုယ်စားလှယ်များဘက်က ယေဘုယျဆန်ဆန် မေးခွန်းမေး၍ ဥက္ကဋ္ဌက သတိပေးတာ တွေ့မြင်ခဲ့ရသလို လာဖြေသည့် ပြည်ထောင်စုအဖွဲ့အစည်းဝင်က မေးသည့်အဖြေ ပါမလာဘဲ လာဖြေသဖြင့် သတိပေးရခြင်းများလည်း ဖြစ်ခဲ့သည်။

အလားတူ ကျောင်းဆောက်ပေးရန်၊ ဆေးရုံအဆင့်မြှင့်တင်ပေးရန် တောင်းဆိုသည့် မေးခွန်းများလည်း လွှတ်တော်တွင် ကြားမြင်နေရတုန်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီစနစ်တွင် မရှိမဖြစ်သည့် လွှတ်တော်များ၏ အခန်းကဏ္ဍသည် ရှေ့သို့ မှန်မှန်ချီတက်နေသည်ဟု ဆိုနိုင်ပြီး "ပြည်သူ့အသံ - လွှတ်တော်အသံ" ဖြစ်စေဖို့နဲ့ ဥပဒေပြုရေးမဏ္ဍိုင် ခိုင်မာအားကောင်းစေဖို့ ယခုထက်ပိုမို အရှိန်အဟုန်မြှင့်တင်ဖို့ လိုသေးသည်ဟု ရှုမြင်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013