DVB Logo
Home
မြန်မာသတင်း
Mobile team များ မြ၀တီလမ်းကြောင်းတွင် နိုဝင်ဘာ ၂၀ ကစပြီး လှုပ်ရှားမည်
DVB
·
November 16, 2012
Donate to DVB

လာမယ့်ရက်ပိုင်းကစပြီး ထိုင်းနိုင်ငံ မဲဆောက်-မြ၀တီကုန်သွယ်လမ်းကြောင်း ကုန်သွယ်မှုလမ်းတလျှောက် ကုန်စည်တွေကို အခွန်ဆောင်မဆောင် စစ်ဆေးဖမ်းဆီးတော့မှာဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ မဲဆောက်၊ မြန်မာနိုင်ငံ မြ၀တီ နယ်စပ် ၀င်ပေါက်တွေကနေ ၀င်လာတဲ့ ကုန်စည်တွေမှာ အကောက်ခွန်မဲ့နဲ့ တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေ ပါမပါ စီးပွား- ကူးသန်း ၀န်ကြီးဌာန ဦးဆောင်တဲ့ လှုပ်ရှားရှာဖွေ တားဆီး စစ်ဆေးရေးအဖွဲ့ (mobile team) တွေနဲ့ စစ်ဆေးတော့မှာဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် ရုံးက ဦးစီးအရာရှိ ဦးဇော်ဝမ်းက ပြောပါတယ်။

“နိုဝင်ဘာလ ၂၀ ရက်နေ့ စမှာပါ။ မြ၀တီနဲ့ ရန်ကုန်လမ်းကြောင်းပေါ့။ နိုင်ငံတော်အခွန်ရရှိရေးအတွက် တရားမ၀င် ၀င်ရောက်နေတဲ့ ကုန်စည်တွေကို တားဆီးနိုင်မှာဖြစ်ပြီးတော့ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ဆီက တရားမ၀င် ကုန်သည်တွေကလည်း တရားဝင်လမ်းကြောင်းပေါ် ရောက်လာမယ်လို့ ထင်ပါတယ်။”

စားသုံးသူအကာအကွယ်ပေးရေးနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တရားမ၀င် ကုန်သွယ်မှုတွေကို တားဆီးထိန်းချုပ်နိုင်ဖို့ အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။

ဒီလို ပညာပေးကာလ အရေးယူဆောင်ရွက်နိုင်ဖို့ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကရင်ပြည်နယ် ဘားအံမြို့နဲ့ ရန်ကုန်မြို့တွေမှာလည်း ဌာနဆိုင်ရာတွေ၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းတွေ၊ မှန်လုံယာဉ်အသင်းတွေ၊ ဂိတ်ပိုင်တွေ၊ ဂိတ်မှူးတွေ၊ ကားသမားတွေ၊ ကုန်သည်အသင်း ကုန်စည်ဒိုင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေကိုဖိတ်ခေါ်ပြီး  ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြ၀တီနယ်စပ်ဂိတ်ကနေ ထိုင်းဘက်ခြမ်းက အချိုရည်။ ဘီယာ။ လျပ်စစ်ပစ္စည်းစတာတွေကို ကုန်သည်တွေက တရားမ၀င်ယူဆောင်ပြီး လမ်းမှာ ဂိတ်တွေကို လာဘ်ငွေထိုးပြီး သယ်ဆောင်နေကြတယ်လို့ ကုန်ကားသမားတဦးက ပြောပါတယ်။ အခုလို အခွန်ကောက်ခံတာ တင်းတင်းကျပ်ကျပ်လုပ်မယ်ဆိုရင်တော့ ကုန်စည်တွေ ဈေးကြီးမြင့်လာလိမ့်မယ်လို့ ကုန်သည်တွေနဲ့ ကားသမားတွေက တွက်ပါတယ်။

ဒီတွက်ဆချက်နဲ့ပတ်သက်လို့ ဦးစီးအရာရှိ ဦးဇော်ဝမ်းကို မေးကြ့ည့်ရာမှာ ရေတိုမှာ ဖြစ်နိုင်ပေမယ့် ရေရည်မှာ အကျိုးရှိလိမ့်မယ်လို့ ဖြေဆိုပါတယ်။

“ကုန်ဈေးနှုန်းတက်တယ်ဆိုတာ အခိုက်အတန့်ပါ။ တကယ်ကျတော့ တရားမ၀င်ဆောင်ရွက်နေလို့သာ ကုန်ဈေးနှုန်းတွေက ပုံမှန်မဖြစ်သေးတာ။ တရားဝင်လမ်းကြောင်းပေါ် ရောက်သွားရင်တော့ ကုန်ဈေးနှုန်းတက်တာကလည်း ရေရှည်ဖြစ်လာစရာမရှိပါဘူး။”

မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ ၂၀၁၂ ပထမသုံးလပတ်မှာ အမေရိကန်ဒေါ်လာ ၂၇၇ သန်းဖိုးထိ ကုန်သွယ်မှု ဖြစ်ခဲ့ပါတယ်။ လက်ရှိနယ်စပ်ကို တံတားတခုနဲ့ ဖြတ်သန်းနေရာက ထိုင်းအစိုးရက မဲဆောက်နဲ့ မြန်မာနိုင်ငံဘက်ခြမ်း မြ၀တီနဲ့ ကော့ကရိတ်ကို ဆက်သွယ်မယ့် နောက်တံတားတစင်းကို ငွေကြေးစိုက်ထုတ်ဆောက်လုပ်ဖို့ သဘောတူထားပါတယ်။

အဲဒီတံတားဟာ ထိုင်းအတွက် မြန်မာပြည်ကို ဖြတ်ပြီး တရုတ်နိုင်ငံနဲ့ ဆက်သွယ်မှာဖြစ်ပါတယ်။

စီးပွား-ကူးသန်း ၀န်ကြီးဌာနဟာ ဌာနဆိုင်ရာ အဖွဲ့စုံနဲ့ နယ်မြေခံ အာဏာပိုင်တွေ ပါဝင်တဲ့

mobile team တွေ ဖွဲ့စည်းထားပြီး တရုတ်နိုင်ငံ ကျယ်ခေါင်- မြန်မာနိုင်ငံ မူဆယ် နယ်စပ် ၀င်ပေါက်က ကုန်စည်တွေကို စစ်ဆေးနေခဲ့ပြီဖြစ်ပါတယ်။
လာမယ့်ဒီဇင်ဘာလကုန်အထိ ပညာပေးကာလ အနေနဲ့ တရားမ၀င် ကုန်စည်တွေကို အခွန်ဆောင်ခိုင်းပြီး အေးခဲကြက်သား အပါအ၀င် မွေးမြူရေးထွက် ကုန်ပစ္စည်းတွေကိုတော့ အားလုံး သိမ်းဆည်း မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013