DVB Logo
Home
မြန်မာသတင်း
အခြေခံပညာဆရာ ခန့်ထားရေး ဖဲကြိုးစိမ်းလှုပ်ရှားမှုများ ပြန်လုပ်မည်
DVB
·
June 10, 2019
အခြေခံပညာဆရာ ခန့်ထားရေး ဖဲကြိုးစိမ်းလှုပ်ရှားမှုများ ပြန်လုပ်မည်
Donate to DVB

အခြေခံပညာဆရာ ခန့်ထားရေး မူဘောင်နဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနနဲ့ သဘောတူညီချက် ရရှိထားတဲ့ ကတိကဝတ်တွေအားလုံး အကောင်အထည်ဖော်ဖို့ ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြန်လည်ပြုလုပ်ပြီး တောင်းဆိုသွားမယ်လို့ ဦးဆောင်ကော်မတီက ပြောပါတယ်။

၂၀၁၇ ခုနှစ်ကနေ စတင်ကာ အခြေခံပညာဆရာ ခန့်ထားရေးစနစ်နဲ့ ပတ်သက်တဲ့ တောင်းဆိုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် ပညာရေးဝန်ကြီးဌာနနဲ့ သဘောတူညီချက်ငါးခု ရရှိခဲ့ပြီး လှုပ်ရှားမှုကို ရပ်တန့်ခဲ့ပေမယ့် လက်ရှိအချိန်မှာ သဘောတူညီချက်တချို့ကို ဆက်လက် အကောင်အထည်ဖော်ဖို့ လိုအပ်နေသေးတာကြောင့် တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင်သူရိန်က ပြောပါတယ်။

"အရင်ငါးချက်က ၂၀၁၇ တုန်းက သူတို့ပေးတဲ့ထဲက အကုန်ရတာတွေလည်း ရှိတယ်ပေါ့ဗျာ၊ အကုန်မရတာ နှစ်ချက် မရဘူးပေါ့၊ အဲ့ပုံစံမျိုးကြောင့် နှစ်ချက်မရတော့ ကျနော်တို့ ပြန်ချုံ့လိုက်တာက တောင်းဆိုထားတဲ့ ကတိကဝတ်တွေ အားလုံးကို အကုန်ပြန်လုပ်ပေးရမယ်၊ သေချာပြန်လုပ်ပေးရမယ်။"

ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ တောင်းဆိုချက်မှာ ၂၀၁၇ ခုနှစ် ဖဲကြိုးစိမ်း ကတိကဝတ်တွေကို ပြီးမြောက်တဲ့အထိ အကောင်အထည်ဖော်ပေးဖို့၊ အခြေခံပညာဆရာ ခန့်ထားရေး မူဘောင်တရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရေး၊ ဆရာဖြစ်သင် ဒီပလိုမာလက်မှတ် (DTE.d) ရရှိထားသူတွေကို အလယ်တန်းပြအဖြစ် ရွေးချယ်ခွင့်ပေးရေး စတဲ့ အချက်သုံးချက်ကို တောင်းဆိုမယ်လို့ ဆိုပါတယ်။

ဆရာချထားရေးမူဘောင်နဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ကာ ပညာရေးဝန်ကြီးဌာနထံ တောင်းဆိုမှာဖြစ်ပြီး တောင်းဆိုချက်တွေ မရရှိပါက လှုပ်ရှားမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

"လှုပ်ရှားမှုဆိုတာက ဝန်ကြီးဌာနအပေါ် မူတည်မှာပေါ့၊ ဝန်ကြီးဌာနက တွေ့ဆုံညှိနှိုင်းမှုတွေ၊ စားပွဲဝိုင်းဆွေးနွေးပွဲတွေ လုပ်ပေးမယ်ဆိုရင်တော့ ကျနော်တို့ လှုပ်ရှားမှုတွေ မပေါ်ပေါက်ဘူးပေါ့ဗျာ။ ဒါပေမယ့် သူတို့ဘက်က လိုက်လျောမှုမရှိဘူး၊ ကျနော်တို့အပေါ် ဖိနှိပ်တာတွေ လုပ်လာမယ် ဆိုလို့ရှိရင်တော့ ဒါ ဝန်ကြီးဌာနအပေါ် မူတည်ပြီးတော့ ကွာသွားမှာပေါ့။ အစီအစဉ်တွေတော့ ရှိပါတယ်" လို့ ကိုအောင်သူရိန်က ဆက်ပြောပါတယ်။

ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကျောင်းသားတွေဟာ အခြေခံပညာဆရာ ခန့်ထားရေး မူဘောင်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတရပ်ကို ဇွန်လ ၈ ရက်နေ့ကနေ ၉ ရက်နေ့အထိ စစ်ကိုင်းပညာရေး တက္ကသိုလ်မှာ ပြုလုပ်ခဲ့ကြပြီး ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013