DVB Logo
Home
မြန်မာသတင်း
မြန်မာက စမတ်ဖုန်းသုံးစွဲမှု ကျယ်ပြန့်နှုန်း ကမ္ဘာတွင် အမြင့်ဆုံးဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
June 9, 2019
မြန်မာက စမတ်ဖုန်းသုံးစွဲမှု ကျယ်ပြန့်နှုန်း ကမ္ဘာတွင် အမြင့်ဆုံးဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအခြေခံတဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုကဏ္ဍဟာ တလမှာ ၃၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး စမတ်ဖုန်းသုံးစွဲမှု ကျယ်ပြန့်နှုန်းဟာ ကမ္ဘာမှာ အမြင့်ဆုံးဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ချက်-မြန်မာစီးပွားရေးဖိုရမ်ရဲ့ မိန့်ခွန်းမှာ ပြောသွားတာဖြစ်ပြီး လက်ရှိအစိုးရလက်ထက်မှာ ဘတ်ဂျက်လိုငွေပြတာနဲ့ ငွေကြေး ဖောင်းပွတာကို လျှော့ချပြီး ကုန်သွယ်မှုပမာဏကို နှစ်စဉ် ၂၀ ရာခိုင်နှုန်း မြှင့်တင်နိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ဖွံ့ဖြိုးတိုးတက်တဲ့အရှိန် မြင့်မားနေတဲ့ အရှေ့တောင်အာရှမှာတောင် အမြင့်ဆုံးအဖြစ် ၆.၈ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်း ထားတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက တိုယိုတာ မော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံမှာ မော်တော်ကားစက်ရုံ တည်ထောင်ဖို့ ကြေညာခဲ့တာဟာ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု တဖြည်းဖြည်း မြင့်မားလာတာကို ထင်ဟပ်နေသလို စိန်ခေါ်မှုတွေ ရှိနေသေးပေမယ့် ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေရဲ့ ရလဒ်ဟာ သိသာထင်ရှားတယ် လို့လည်း ပြောပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မေ ၆ ရက်နေ့က ပရာ့ဂ်မြို့ ချားလ်စ်တက္ကသိုလ်မှာ ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်းရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ခေါင်းစဉ်နဲ့ ဟောပြောပို့ချခဲ့ပါသေးတယ်။

ဟောပြောရာမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ARSA အကြမ်းဖက်အဖွဲ့အစည်းက နယ်စပ်ဒေသ ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာနဲ့ တပ်မတော်ရဲ့ ပြန်လည်တုံ့ပြန်တာ တွေက ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကြောင့် ရခိုင်ပြည်နယ်ဟာ  မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်ရာ မြန်မာနိုင်ငံရဲ့ တခုတည်းသောကိစ္စရပ် ဖြစ်လာ ခဲ့တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီမိုကရေစီအသွင်ကူးပြောင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်အရေးကိစ္စတို့မှာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းများဖြစ်၍ နိုင်ငံတကာက အာရုံစိုက်မှု ရရှိနေကြကြောင်း၊ သို့ရာတွင် အသွင်ကူးပြောင်းမှုမှ မြန်မာပြည်သူများ ရရှိလိုသည့် ရာစုနှစ်ဝက်ကျော်ကြာ မျှော်လင့်ချက်များနှင့် လိုအင်ဆန္ဒများကိုမူ အလေးထားမှု စိတ်ဝင်စားမှု အလွန် နည်းပါးကြကြောင်း၊ ပြည်သူများ၏ အဓိကလိုအပ်ချက်များမှာ ရေရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်ဓါတ်အား လုံလောက်ရေး၊ ကောင်းမွန်သည့် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးတို့ ဖြစ်ကြောင်း၊ ယင်းအခြေခံ လိုအပ်ချက်များမှာ နိုင်ငံတကာမှ စိတ်ဝင်စားမှု မရှိသည့် သာမန်ကိစ္စရပ်များသာဖြစ်သော်လည်း မြန်မာနိုင်ငံအတွက်မူ အရေးကြီးသည့်ကိစ္စရပ်များ ဖြစ်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ချက်သမ္မတနိုင်ငံကို မေ ၁ ရက်ကနေ ၄ ရက်နေ့အထိ တရားဝင် ခရီးစဉ် သွားရောက်ခဲ့ပြီး ဟန်ဂေရီနိုင်ငံကို မေ ၄ ရက်ကနေ ၇ ရက်နေ့အထိ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013