ရခိုင်ပြဿနာ တွေ့ဆုံညှိနှိုင်းအဖြေရှာရန်နှင့် ဖမ်းထားသူများ ပြန်လွှတ်ပေးရန် တကိုယ်တော်ဆန္ဒပြ

ရခိုင် နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဘဲ နှစ်ဖက်တွေ့ဆုံညှိနှိုင်းအဖြေရှာကြဖို့နဲ့ မတရားဖမ်းဆီးချုပ်နှောင်တရားရင်ဆိုင်နေရသူတွေကို လွှတ်ပေးဖို့ ဘူးသီးတောင်မြို့ခံတဦး တကိုယ်တော်ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။
ဘူးသီးတောင်မြို့ခံလည်းဖြစ်၊ ရခိုင်လူငယ်ညီလာခံ မူဝါဒဖော်ဆောင်ရေး အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ကိုမင်းသိဏ်းဇံဟာ ဇွန် ၈ ရက် မနက် ၈ နာရီကနေ ၉ နာရီအချိန်ထိ ဘူးသီးတောင်မြို့ကို လှည့်လည်ကာ အချက် ၇ ချက်ကို ကြွေးကြော် တောင်းဆို ဆန္ဒပြခဲ့တာပါ။
ရခိုင်ပြည်နယ် မြို့နယ် ၆ ခုမှာ စစ်ဘေးဒုက္ခသည် ၄ သောင်းကျော်အထိ ရှိလာနေပြီး သူတို့အတွက် လုံလောက်တဲ့ ထောက်ပံ့ကူညီမှုမျိုးကို အစိုးရက ဆောင်ရွက်ပေးခြင်း မရှိသေးသလို ၂၀၁၈ စက်တင်ဘာလအတွင်းက စစ်တွေမြို့မှာ စရဖတပ်ဖွဲ့ဝင် ကိုဖိုးလုံး သေနတ်နဲ့ လုပ်ကြံခံခဲ့ရမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မတရားဖမ်းဆီး အရေးယူထားတဲ့ လူငယ် ၄ ဦးအား ပြန်လွှတ်ပေးဖို့ တောင်းဆိုရတာလို့ ကိုမင်းသိဏ်းဇံက ပြောပါတယ်။
ဒီတောင်းဆိုချက်တွေကို ရခိုင်ပြည်နယ်အစိုးရက တစုံတရာအကောင်ထည် ဖော်ဆောင်ရွက်ခြင်းမရှိပါက အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပါတီတွေအပြင် ရခိုင်လူထုတရပ်လုံးနဲ့ ပူးပေါင်းပြီး ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ကျော်လင်းဦး











