DVB Logo
Home
မြန်မာသတင်း
ပေါက်​မြို့နယ် ​အုပ်​ချုပ်​​​ရေးမှူး၊ ရဲတပ်​ဖွဲ့မှူး အပါဝင်​ ၄ ဦးကို အမှုဖွင့်
DVB
·
June 8, 2019
ပေါက်​မြို့နယ် ​အုပ်​ချုပ်​​​ရေးမှူး၊ ရဲတပ်​ဖွဲ့မှူး အပါဝင်​ ၄ ဦးကို အမှုဖွင့်
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး ​ပေါက်​မြို့နယ်​မှာ ​ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ငန်းမှ ​ကောက်​ခံရရှိတဲ့ ​ဒေသဖွံ့ဖြိုး​ရေး ရန်​ပုံ​ငွေ အလွဲသုံးစားပြုမှုအတွက်​ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူးအပါဝင်​ ၄ ဦးကို အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး ဥပ​ဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့်​အ​ရေးယူထားတယ်​လို့ ပေါက်​မြို့မရဲစခန်းက ပြောပါတယ်။

“ပေါက်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​စွာအုန်း၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူး​ဇော်​ဝင်း​ရွှေ၊ ပခုက္ကူခရိုင်​ CID တာဝန်​ခံ ရဲအုပ်​ သန်း​ဇော်​၊ သရက်​ကန်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦး​ဇော်​မင်းဦးတို့ ကို ဇွန်​လ ၇ ရက်​​က အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး ဥပ​ဒေနဲ့ အမှုဖွင့်​ထားတာပါ။ သရက်​ကန်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးက​တော့ တရားရုံးအမှုနဲ့ အရင်​ကတည်းက ဖမ်းဆီးထားတာဖြစ်​ပြီး၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူးနဲ့၊ ခရိုင်​ CID တာဝန်​ခံကို​တော့ လတ်​တ​လော ဖမ်းဆီးရမိခြင်း မရှိ​သေးပါဘူး” လို့ ပေါက်​မြို့မရဲစခန်းမှ ရဲအရာရှိတ​ဦးက ဒီဗွီဘီကို​ပြောပါတယ်​။

သရက်​ကန်​​ကျေးရွာ ​ဒေသခံတ​ဦးဖြစ်​တဲ့ ဦးဝင်း​ရွှေက “ရေနံစိမ်း ဆီ​ဘောက်​ဆာထွက်​​ကြေး ​ကောက်​ခံရရှိတဲ့ ​ငွေ​တွေကို သုံးပစ်​တာပါ။ ကျေးရွာဖွံဖြိုး​ရေးအတွက်​ ​ရေနံသမား​တွေဆီက ​ကောက်​ခံထားတဲ့ ရန်​ပုံ​ငွေ​တွေပါ။ ကျေးရွာ အုပ်​ချုပ်​​ရေးမှူး​ဟောင်း ဦး​ဇော်​မင်းဦးနဲ့ ညီအစ်​ကို​ တော်​စပ်​သူ ​ဇော်​ဖုန်းမိုးတို့ကို အမှုဖွင့်​ထားတာပါ” လို့ဆိုပါတယ်​။

သရက်​ကန်​​ကျေးရွာ​ဒေသခံ ဦးမင်းနိုင်​က “ပေါက်​မြို့နယ်​ဘက်​မှာရှိတဲ့ ​ရေနံ​မှော်​​တွေက တရားမဝင်​ပါဘူး။ မင်းဘူးတို့၊ မင်းလှတို့ဘက်​က ​ရေနံ​မျှော​တွေနဲ့ သယ်​ယူပို့​ဆောင်​​နေတာ ဖြစ်​တဲ့အတွက်​ ဒေသဖွံ့ဖြိုး​ရေး ရန်​ပုံ​ငွေအ​နေနဲ့ ဆီ​ဘောက်​ဆာ တစည်ကို ၇၀၀၀၀ ကျပ်​က​နေ ၁ သိန်းကျပ်​ထိ ​ကောက်​ခံထားတာပါ။ သရက်​ကန်​ရွာဘက်​က​ရေနံစိမ်း​တွေကို​တော့ တစ်​​ပေပါကို ၅ ​ထောင်​ကျပ်​စီ ​ကောက်​ခံပါတယ်​။ ကျေးရွာဖြွံ့ဖိုး​ရေးအတွက်​ကို ၃၀၀၀ ကျပ်​၊ အုပ်​ချုပ်​​ရေးပိုင်း အတွက်​ ၂၀၀၀ ကျပ်​​ကောက်​ခံကြတာပါ။ ဘဏ်​မှာအပ်​ထားတဲ့ ကျပ်​သိန်း ၅၀၀ အပြင်​ စုစု​ပေါင်း သိန်းတထောင်​​ကျော်​ အလွဲသုံးစားမှုနဲ့တိုင်​ထားတာပါ။” လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်​ စက်​တင်​ဘာ ၂၅ ရက်​​က ​အများပိုင်​​ငွေ အလွဲသုံးစားမှု ပုဒ်မ ၄၀၉ နဲ့ ​ဦး​ဇော်​မင်းဦး စာရင်းကိုင်​​ဇော်​ဖုန်းမိုးတို့ နှစ်​ဦးကို အမှုဖွင့်​ထားပြီး အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး ​ကော်​မရှင်​ကိုပါ တိုင်​ကြားခဲ့တာပါ။

ဒေသခံ​တွေအ​နေနဲ့ ​ကျောင်း​ဆောက်​လုပ်​ဖို့ စုထားတဲ့​ငွေ​တွေကို ပြန်​လိုချင်​ပြီး အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး ​ကော်​မရှင်​အ​နေနဲ့ မှန်​မှန်​ကန်​ကန်​ အ​ရေးယူ​ပေးလိမ့်​မယ်​လို့ ယုံကြည်​တယ်​လို့ ​ပြောပါတယ်​။

ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ ​ပေါက်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​စွာအုန်း၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူး​ဇော်​ဝင်း​ရွှေ၊ ပခုက္ကူခရိုင်​ CID တာဝန်​ခံ ရဲအုပ်​သန်း​ဇော်​၊ သရက်​ကန်​ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး​ဟောင်း ဦး​ဇော်​မင်းဦးတို့ကို ​ပေါက်​မြို့မရဲစခန်းမှာ အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး ဥပ​ဒေပုဒ်မ ၅၆ နဲ့အမှုဖွင့်​ထားတယ်​လို့ သိရပါတယ်​။

မ​ကွေးတိုင်း​ဒေသကြီးအတွင်းမှာ တရားဝင်​ ​ရေနံလုပ်​ကွက်​​ပေါင်း ၃၁ ကွက်​ရှိပြီး လက်​ရှိ အစိုးရသက်​တမ်း သုံးနှစ်​တာကာလအတွင်း တိုင်း​ဒေသကြီး ရန်​ပုံ​ငွေ ၁၂ ဘီလီယံ ​ကျော်​ ​ကောက်​ခံရရှိထားတယ်​လို့ သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013