DVB Logo
Home
မြန်မာသတင်း
တေးသံရှင်စိုင်းဆိုင်မောဝ်၏ စိန်ရတုပွဲကျင်းပ
DVB
·
June 8, 2019
တေးသံရှင်စိုင်းဆိုင်မောဝ်၏ စိန်ရတုပွဲကျင်းပ
Donate to DVB

နှစ်ပေါင်း ၅၀ ကျော် ရှမ်းနဲ့ မြန်မာ တေးသီချင်းတွေ ရေးစပ်သီဆိုခဲ့ပြီး ပရိသတ် ချစ်ခင်အားပေးမှုရခဲ့တဲ့ ချယ်ရီမြေက တေးသံရှင်စိုင်းဆိုင်မောဝ်ရဲ့ စိန်ရတုပွဲတော်ကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ကျင်းပနေပါတယ်။

စိန်ရတုမွေးနေ့ပွဲကို ဇွန်လ ၆ ရက်နဲ့ ၇ ရက်နေ့ ၂ ရက်တာ မူဆယ်မြို့ နန္ဒာဝန်ကျောင်းတိုက်မှာ ကျင်းပနေတာပါ။

ဒီမွေးနေ့ပွဲကို မူဆယ်အနုပညာရှင်များအဖွဲ့နဲ့ ရွှေလီမြစ်ဝှမ်းအနုပညာရှင်များအဖွဲ့တို့က ကမကထပြုကျင်းပတာဖြစ်ပြီး  ၀ါရင့်အဆိုတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ရော သူ့ရဲ့ ကျန်းမာရေး ထောက်ပံ့ ကူညီဖို့ ရည်ရွယ်ချက်တွေနဲ့ပါ ကျင်းပရတာလို့ မူဆယ်အနုပညာရှင်အဖွဲ့ဝင် စိုင်းတုမ်ခေါဝ်က ဒီဗွီဘီကို ပြောပါတယ်။

“မနှစ်က ဒီလိုအချိန်မျိုးမှာ အဆိုတော်ကြီး နေမကောင်းလို့ ဘန်ကောက်ထိဆေးသွား ကုရတယ်လေ။ အဲဒီတုန်းက သူ့အတွက် ဆေးကုသစရိတ်ကူညီထောက်ပံ့ပေးဖို့ ရန်ပုံငွေ ရှာပွဲလေးလုပ်ဖို့ စီစဉ်ခဲ့တယ်။ ဒါပေမယ့် ဒီဘက်မှာ တိုက်ပွဲတွေဖြစ်တော့ မလုပ်ဖြစ်ဘူး။ အဲဒီတုန်းက အလှူငွေတွေရှိနေတယ်။ အမှန်က သူ့အသက် ၇၅ နှစ်မပြည့်သေးဘူး ၊ ဒါပေမယ့် သူလည်းမူဆယ်ရောက်တုန်း ၊ ကျန်းမာရေးလည်းကောင်းလာတော့ အခြေအနေပေးလို့ စိန်ရတုပွဲကြိုလုပ်ပေးလိုက်တာပါ။”

တေးသံရှင်စိုင်းဆိုင်မောဝ်ကလည်း အခုလို သူ့အတွက်မွေးနေ့ပွဲလုပ်ပေးလို့ အလွန်ဝမ်း သာကျေးဇူးတင်ကြောင်း၊ သူ့ရဲ့ကျန်းမာရေးလည်း ပြန်လည်ကောင်းမွန်ပြီး ဒီမွေးနေ့ပွဲပြီးရင် မိုင်းလားငြိမ်းချမ်းရေးပွဲကို ဆက်သွားဦးမယ်လို့ ပြောပါတယ်။

“ဒီပွဲဖြစ်မြောက်ဖို့ စီစဉ်ပေးတဲ့သူတွေ ကူညီပေးတဲ့သူတွေ၊ ဂီတဖျော်ဖြေရေးပွဲမှာ လာအားပေးတဲ့သူတွေ၊ အဝေးကနေအားပေးသူတွေအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျ။ ကျနော့်မွေးနေ့ပွဲကိုကြည့်ပြီး ၀မ်းသာလို့ မဆုံးဘူး။ ဘန်ကောက်မှာ ဆေးသွားကုတာလည်း ပြီးသွားပါပြီ။ အားဆေးတွေပုံမှန်သောက်ရုံပါပဲ။ ဆေးကုသဖို့ အကူအညီပေးတဲ့သူတွေအား လုံးလည်း ကျေးဇူးတင်ပါတယ်။”

မွေးနေ့ပွဲမှာ သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းတာနဲ့ စင်တင်တေးဂီတဖျော်ဖြေပွဲရှိပြီး တေးသံရှင် စိုင်းဆိုင်မောဝ်နဲ့အတူ စိုင်းလောဝ်ဆိုင်၊ စိုင်းဆိုင်စွမ်ဖ၊ စိုင်းဆိုင်စွမ်မောဝ်း၊ နန်းခမ်းနောင့်၊ ထျဲန်လျောဝ်း၊ စိုင်းအူးလိုင်း၊ စိုင်းဟန်ခေးမောဝ်း (စိုင်းဆိုင်မောဝ်း၏သားငယ်) နန်းဆိုင်လင်းခမ်း၊ နန်းလောဝ်လောဝ်၊ ခေးလားမိုး၊ နန်းမွေဖောင် စတဲ့ ရှမ်းတေးသံရှင်တွေရော မူဆယ်ဒေသခံ အဆိုရှင်တွေကပါ ဖျော်ဖြေပေးခဲ့ပါတယ်။

စိုင်းဆိုင်မောဝ်မှာ ရှမ်းသီချင်းခွေပေါင်း ၄၀ ကျော် ၊ မြန်မာသီချင်းခွေပေါင်း ၃၀ ကျော် ထွက်နိုင်ခဲ့ပြီး အဆိုကောင်းတဲ့အပြင် ရှမ်းသီချင်း အပုဒ်ပေါင်း ၂၀၀ ကျော် ၊ မြန်မာသီချင်း ပုဒ်ရေ ၁၀၀ ကျော်ကိုလည်း ကိုယ်တိုင်ရေးစပ်ခဲ့ပါတယ် ။ ဒီလိုထူးချွန်တဲ့အတွက် လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ရှမ်းပြည်နယ်လုံးဆိုင်ရာ ရှမ်းပိဋကတ်ဘာသာပြန်အဖွဲ့ချုပ်ကနေ သူ့ကို ရှမ်းအနုပညာ ရှင်ထူးချွန်ဆု ချီြးှမင့်ခဲ့ပါတယ် ။

အနုပညာရှင် စိုင်းဆိုင်မောဝ်ကို ဖခင် ဦးဘခိုင် ၊ မိခင် ဒေါ်နန်းအေးစိန်တို့မှ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မူဆယ်မြို့တွင် ဖွားမြင်ခဲ့ပါတယ်။ မွေးချင်း ၆ ယောက်အနက် စိုင်းဆိုင်မောဝ်မှာ စတုတ္ထမြောက်သားဖြစ်ကာ အစ်ကိုဖြစ်သူ စိုင်းလောဝ်ဆိုင်မှာလည်း ရှမ်းတေးသီချင်း နဲ့ မြန်မာသီချင်းပေါင်း ရာနဲ့ချီရေးသားခဲ့တဲ့ ဂီတစာဆိုတဦးဖြစ်ပါတယ်။

စိုင်းဆိုင်မောဝ်မှာ ယခင်က နန်းမိုးမိုးအေး၊ နန်းမွေနွမ်ဖောင် ၊ နန်းမောက်စံခမ်း ၊ နန်းလောဝ်လောဝ် စတဲ့ ရှမ်းတေးသံရှင်တွေနဲ့ လက်ထပ်ခဲ့ဖူးပြီး လက်ရှိဇနီးမှာ ခေးလားမိုးဖြစ်ပါတယ်။

အဆိုပါဇနီးများနဲ့ သားသမီး စုစုပေါင်း ၇ ဦးထွန်းကားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013