DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၆ နှစ်အတွင်း ဒုတိယအနည်းဆုံးဖြစ်
DVB
·
June 8, 2019
တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၆ နှစ်အတွင်း  ဒုတိယအနည်းဆုံးဖြစ်
Donate to DVB

ဒီနေ့ထုတ်ပြန်လိုက်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ဟာ ၆ နှစ် အတွင်း ဒုတိယ အနည်းဆုံး ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။

ဂုဏ်ထူးရသူအရေအတွက်မှာလည်း ၈ နှစ်အတွင်းမှာ တတိယအနည်းဆုံးဖြစ်ပါတယ်။

အခု ၂၀၁၉ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူပေါင်း ၈၅၁၅၂၄ ယောက် ရှိပြီး ၂၆၇၆၉၆ ယောက် အောင်မြင်တာကြောင့် အောင်ချက်ရာခိုင်နှုန်းက ၃၁ ဒသမ ၄၄ ရာခိုင်နှုန်း ရှိပါတယ်။

၆ နှစ်အတွင်းမှာ အောင်ချက် အနည်းဆုံးကတော့ ၂၀၁၆ ခုနှစ် ဖြစ်ပြီး ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တုန်းကတော့ ၃၁ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် အောင်ချက် ရာခိုင်နှုန်းတွေမှာတော့ ချင်းပြည်နယ်က ၁၉ ဒသမ ၅၉ ရာခိုင်နှုန်းနဲ့ အနည်းဆုံး၊ မွန်ပြည်နယ်က ၃၇ ဒသမ ၅၄ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် အောင်ချက်မြင့်လာတာဖြစ်ပြီး မွန်ပြည်နယ်ကတော့ အောင်ချက်ကျသွားပါတယ်။

နိုင်ငံခြားစာစစ်ဌာနကတော့ ၁၁၉ ယောက်ဖြေတာမှာ ၅၅ ယောက် အောင်တာကြောင့် အောင်ချက်ရာနိုင်နှုန်း ၄၆ ဒသမ ၂၂ ရှိပါတယ်။

မန္တလေးတိုင်းကတော့ ၃၆ ဒသမ ၁၃ နဲ့ ဒုတိယ အောင်ချက် အကောင်းဆုံး ဖြစ်ပြီး စစ်ကိုင်းတိုင်းကတော့ ၃၄ ဒသမ ၁၅ ရာခိုင်နှုန်းနဲ့ တတိယဖြစ်ပါတယ်။

ဒီနှစ်မှာ ဂုဏ်ထူးရသူပေါင်းက ၄၃၀၂၂ ယောက်ဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၅၇၃ ယောက် ရှိပါတယ်။ ဒါဟာလည်း ၈ နှစ်အတွင်း တတိယအနည်းဆုံးဖြစ်ပါတယ်။

၆ ဘာသာဂုဏ်ထူးရှင် အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး အယောက် ၂၂၀ ရှိပါတယ်။ ရန်ကုန်တိုင်းကတော့ ၁၇၅ ယောက်နဲ့ ဒုတိယ၊ စစ်တိုင်းတိုင်းကတော့ ၃၄ ယောက်နဲ့ တတိယဖြစ်ပါတယ်။ ကယား၊ ကရင်၊ ချင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာတော့ ၆ ဘာသာဂုဏ်ထူးရသူ မရှိခဲ့ပါဘူး။

တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်း အရှေ့ပိုင်းတို့မှာတော့ ၆ ဘာသာဂုဏ်ထူးရသူ တယောက်စီ၊ ပဲခူးတိုင်း အနောက်ပိုင်းမှာတော့ ၂ ယောက်ရှိပါတယ်။

တစ်နိုင်ငံလုံးစာရင်းတွေအရ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာသုံးဘာသာမှာ မြန်မာစာဂုဏ်ထူးရသူ အယောက် ၅၉၄၀ ရှိပြီး သင်္ချာဂုဏ်ထူးရသူက ၅၂၉၆ ယောက်၊ အင်္ဂလိပ်စာ ၁၉၁၉ ယောက် ရှိပါတယ်။

တနိုင်ငံလုံးမှာ အမှတ်အများဆုံးကတော့ သိပ္ပံဘာသာတွဲမှာ အလုံ အထက ၄ ကျောင်းသားက ၅၅၅ မှတ်နဲ့ အများဆုံး၊ ဝိပ္ပံဘာသာတွဲမှာ ဆိပ်ဖြူ၊ ကပက ကောင်းချွန် ကျောင်းသားက ၅၀၉ မှတ်နဲ့ အများဆုံး၊ ဝိဇ္ဇာဘာသာတွဲမှာ ကျုံပျော်၊ တောက်တဲ့ရိုး အထက ကျောင်းသူက ၄၉၃ မှတ်နဲ့ အများဆုံးရကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013