DVB Logo
Home
မြန်မာသတင်း
ပထမဆုံးအကြိမ် ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေပွဲ ကျင်းပ
DVB
·
November 15, 2012
Donate to DVB

ဖက်ဒရယ်မူဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ ကျင်းပပါတယ်။

ဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံက ဒေါက်တာ စန်သစ်စ်နဲ့ ဂျာမဏီနိုင်ငံက ဒေါက်တာရေးနိုးတို့က လာရောက်ဆွေးနွေးပေးခဲ့ပြီး ကမ္ဘာ့နိုင်ငံက ဖက်ဒရယ်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး အကြောင်းတွေ၊ ဒီမိုကရေစီနဲ့ ဆက်စပ်ပုံတွေ လေ့လာသိရှိခွင့်ရခဲ့တယ်လို့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် ဦးစောသန်းမြင့်က ပြောပါတယ်။

“အရင်တုန်းက ဖက်ဒရယ်ဆိုတာ ပြောလို့လည်း မရဘူး၊ ရေးလို့လည်း မရဘူး။ ဆွေးနွေးလို့လည်း မရဘူး။ အခုတော့ တရားဝင် ပထမဆုံးလုပ်တဲ့ ဖိုရမ်ဖြစ်တဲ့အတွက် ဒါဖြစ်မြောက်တာကို ဖက်ဒရယ်ဖြစ်ဖို့ အတော်ကြီးခြေလှမ်းပေါက်နေပြီလို့ ပြောရမှာပေါ့။ ဒါက နိုင်ငံတော်အစိုးရအဖွဲ့ရော၊ သမ္မတအဖွဲ့တွေရော၊ လွှတ်တော်အဖွဲ့တွေရာ တခြား ပါတီရေးရာ အားလုံးရဲ့ တိုးတက်ပြောင်းလဲ ကောင်းမွန်လာတဲ့ အခြေအနေလို့ သုံးသပ်ပါတယ်။”

ဆွေးနွေးပွဲကို ကနေဒါနိုင်ငံအခြေစိုက် The Forum of Federation အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ မြန်မာအီးဂရက်စ်က ဆက်သွယ်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ အစိုးရပေါ်ပေါက်ရေးအတွက် ပါဝင်ပတ်သက်သူတွေနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ အပြန်အလှန် လေ့လာဆွေးနွေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာ အစိုးရ ကိုယ်စားလှယ်တွေ၊  အန်ဂျီအိုအဖွဲ့အစည်း၊ တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို  ၃ ရက်ကြာကျင်းပမှာ ဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဖက်ဒရယ်ဥပဒေမူကြမ်းရေးဆွဲဖို့ လွှတ်တော်အမတ်တွေကို တာဝန်ပေးပြီး ရက်ပိုင်းအကြာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

အရင်အစိုးရတွေ လက်ထက်တုန်းက ဖက်ဒရယ်ကို ခွဲထွက်ရေးအဖြစ် ရှုမြင်ပြောဆိုလေ့ရှိပြီး ဖက်ဒရယ်ပြည်ထောင်စု တောင်းဆိုသူတွေကို ပြည်ထောင်စုကနေ ခွဲထွက်လိုသူတွေလို့ တံဆိပ်ကပ်ခဲ့တာပါ။

ဒီအလုပ်ရုံ ဆွေးနွေးပွဲကျင်းပတာကို ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်က) ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်သန်းသန်းနုက ဖြစ်ထွန်းတိုးတက်မှုအဖြစ် ရှုမြင်ပါတယ်။

“အပြောင်းအလဲတခုက တိုင်းပြည်နဲ့ မြန်မာလူမျိုးတွေအားလုံး၊ အထူးသဖြင့် သာမန်ပြည်သူတွေအတွက် အကျိုးရှိ မရှိကြည့်လိုက်တာပေါ့။ အကျိုးသက်ရောက်မှုရှိတယ်၊ ကောင်းတယ်ဆိုရင် ကျမတို့ကတော့ ဒါကို ကြိုဆိုတာပေါ့။ အခု တိုင်းရင်းသားတွေကလည်း သူတို့က ခွဲထွက်ဖို့ မဟုတ်ဘူးဆိုပြီး ပြောလာတဲ့အခါကျတော့ ပိုကြိုဆိုစရာကောင်းတယ်။ အခုလို ပွင့်ပွင့်လင်းလင်းနဲ့ ရန်ကုန်မြို့က ဟိုတယ်ကြီးတခုမှာ ဒီလိုမျိုး နိုင်ငံခြားကနေ ဆွေးနွေးပွဲကြီးလုပ်တယ်၊ နိုင်ငံရေးပါတီတွေကလည်း လာတက်ကြတယ်။ ဒါတွေကလည်း ကြိုဆိုရမယ့် အချက်တွေပါ။ ဖြည်းဖြည်းချင်း အပြောင်းအလဲတွေကလည်း လိုတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013