
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၃၀ ရက်ကစပြီး မော်လူးမြို့နဲ့ စီပိန်းရွာမှာ အထိုင်ချထားတဲ့ စစ်အာဏာရှင်တပ်ကို တော်လှန် ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်တာကနေ ဒီနေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဇူလိုင် ၇ ရက်မှာ Y12 နဲ့ ဗုံး အလုံး ၄၀ ကျော် မော်လူးမြို့ကို ဗုံးကြဲချလို့ နေအိမ်တွေပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “စီပိန်းနဲ့ မော်လူးမှာ အထိုင်ချနေတဲ့ စစ်တပ်ကို သွားတိုက်တာ။ စီပိန်းကို ပြန်ရပေမဲ့တပ် ပြန်ဆုတ်လိုက် စစ်တပ်ဘက်က ပြန်ယူသွားလိုက်ဖြစ်နေတာ။ တိုက်ပွဲမှာ နှစ်ဖက် အထိ အခိုက်ရှိတယ်။ စစ်သားအလောင်းတွေလည်း သိမ်းဆည်းရရှိတာတွေရှိတယ်။ ဗုံးကြဲလို့ နေအိမ်တွေ ပျက်စီးစာရင်းတော့ အသေးစိတ်မသိရသေးဘူး”လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ အင်းတော်မြို့နယ်ထဲက အရေးပါတဲ့ လမ်းဖြစ်တဲ့ မန္တလေး-မြစ်ကြီးနားလမ်း ကို ထိန်းချုပ်ထားတာဖြစ်ပြီး ကသာမြို့နယ် နဘား-လမ်းခွရွာတွေမှာလည်း တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အရပ်သားထိခိုက်တာတွေရှိတယ်။ တနေ့က မနက်ပိုင်းမှာ နဘား-ကမ်းနီ ရွာမှာ သားအဖ နှစ်ဦး လယ်လုပ်နေချိန် မနက် ၁၁ ကျော်မှာ ဒရုန်းနဲ့ ဗုံးကြဲလို့ သေသွားတယ်။ ပင်းပလွတ်လမ်းခွဲမှာလည်း တိုက်ပွဲဖြစ်လို့ လေကြောင်းကနေ ဗုံးကြဲနေတာ”လို့ ပြောပါတယ်။
လယ်လုပ်နေချိန် ဒရုန်းကနေဗုံးကြဲလို့ သေဆုံးသွားသူတွေကတော့ အသက် ၇၀ အရွယ် ဦးကြာ နဲ့ သားဖြစ်သူ အသက် ၄၀ အရွယ် ကိုနေအောင်တို့ဖြစ်ပါတယ်။
ဇွန် ၃၀ ရက်ကလည်း ကသာမြို့နယ် နဘား-လမ်းခွရွာမှာ တိုက်ပွဲဖြစ်နေချိန် ဆိုင်ကယ်နဲ့ ဖြတ်မောင်း မိတဲ့ အသက် ၄၀ အရွယ် လင်မယားလည်း လက်နက်ထိမှန် သေဆုံးခဲ့ပါတယ်။
ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်က အင်းတော်မြို့ကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ဧပြီလမှာ ပြန်သိမ်းယူ သွားတာဖြစ်သလို အင်းတော်မြို့နယ်ထဲမှာပဲရှိတဲ့ မော်လူးမြို့ကိုလည်း မေ ၅ ရက်မှာ ပြန်လည်ထိန်းချုပ်သွားတာဖြစ်ပါတယ်။










