DVB Logo
Home
Lead Story
ကမ္ဘာသည် ကမ္ဘာအလျောက် မြန်မာသည် မြန်မာအလျောက်
DVB
·
June 7, 2019
ကမ္ဘာသည် ကမ္ဘာအလျောက် မြန်မာသည် မြန်မာအလျောက်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥရောပနိုင်ငံတခုဖြစ်သည့် ချက်နိုင်ငံရောက်ရှိစဉ် ဥရောပနိုင်ငံများကို ဝေဖန်သည့်စကားတခွန်း ဆိုခဲ့သည်။

ဥရောပနိုင်ငံများသည် မြန်မာပြည်သူများ၏ အဓိကလိုအပ်ချက်များဖြစ်သည့် ရေ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး စသည့် အခြေခံလိုအပ်ချက်များကို မမြင်ဘဲ ရခိုင်ကိစ္စကိုသာ အလေးထားနေကြသည်ဟူ၍ ဖြစ်သည်။

ထိုအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့မဟာမိတ် အင်္ဂလန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး နှင်နေသည်။

အလားတူ အခြားတဖက်တွင် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေသည့် တရုတ်နိုင်ငံသမ္မက ရှီကျင့်ဖျင်က သူ့မဟာမိတ် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးနှင်ပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် သူ့အရင်းနှီးဆုံး ညီအစ်ကိုတဦးဟု ဆိုလိုက်ပြန်သည်။

တရုတ်သမ္မတ၏ ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း အမေရိကန်က ပိတ်ပင်ထားသည့် တရုတ် ဟွာဝေးကုမ္ပဏီနှင့် ရုရှား ဆက်သွယ်ရေးကုမ္ပဏီတို့ ရုရှားတွင် 5G ကွန်ရက် ထူထောင်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန်လဆန်းတွင် ထွက်ပေါ်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်များ အားလုံးသည် တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ အကျိုးအကြောင်းကိုယ်စီနှင့် အဓိပ္ပာယ်ပေါင်းများစွာ ရှိနေသည်ဟု မြင်ရသည်။

အရေးရယ် အကြောင်းရယ် ရှိလာလျှင် မဟာမိတ်ချင်း ရင်ချင်းပြေးအပ်ကြသည့် သဘောကို ညွှန်းဆိုနေပြီး အဆိုပါ ရင်ချင်းအပ်မှုများကနေ ကုန်သွယ်ရေးစစ်ပွဲများမှသည် ဘာမဆို ဖြစ်သွားနိုင်သည်။

ပြည်တွင်းသတင်းတွေဘက် လှည့်ကြည့်လိုက်သောအခါ နိုင်ငံတကာမှ အကြမ်းဖက်သတင်းများ ရရှိထားသောကြောင့် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ လေဆိပ်နှင့် အရေးကြီးပုဂ္ဂိုလ်များ၏ အဆောက်အအုံများကို လုံခြုံရေး ထိထိရောက်ရောက်ဖြစ်ရန် ဆောင်ရွက်ထားဟု တွေ့ရသည်။

တခါ ရခိုင်တွင် တပ်မတော်နှင့် အာဆာ တိုက်ပွဲဖြစ်ပွားဟူသော သတင်းများလည်း ကြားရပြန်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်နေသော်လည်း ရှမ်းမြောက်တခွင် တိုက်ပွဲများ ငြိမ်သက်နေသောကြောင့် စိတ်အေးရပြန်သည်။

မှတ်တမ်းများအရ ကြည့်လျှင် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် စစ်မီးအတိငြိမ်းသည့်အချိန် ၃၁ လသာ ရှိခဲ့သည်။

ဂျပန်တို့ မဟာမိတ်တို့ထံ လက်နက်ချခဲ့သော ၁၉၄၅ ခုနှစ် သြဂုတ်လမှ ကွန်မြူနစ် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သော ၁၉၄၈ ခုနှစ် မတ်လအကြား ကာလပင် ဖြစ်သည်။

ဥတုပြောင်း ရာသီပြောင်းကာလတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပွားနေသလိုပင် ကမ္ဘာ့အရေး မြန်မာ့အရေးက သတိကြီးကြီးထား စောင့်ကြည့်နေထိုင်ရမည့် အနေအထားများ ဖြစ်သည်။

ကမ္ဘာသည် ကမ္ဘာအလျောက် မြန်မာသည် မြန်မာအလျောက် မတည်မငြိမ် ဖြစ်ပွားလာနိုင်သည် ဆိုသည်ကို သတိပေးလိုရင်း ဖြစ်သည်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013