
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ထဲက ဒေသခံအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတွေမှာ ၆၀ ရာခိုင်နှုန်းက လျှော်ဖြူပင်တွေ စိုက်ပျိုးထားတယ်လို့ ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။
“ဒီမှာက အစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းတွေကို ဒေသခံအစုအဖွဲ့ပေါင်း ၁၁ ဖွဲ့က လုပ်နေတဲ့ ဧကတစ်ထောင်ကျော်ရှိတယ်။ ဒေသခံတွေကလည်း အစုအဖွဲ့ပိုင်သစ်တောတွေမှာ လျှော်ဖြူနဲ့ ကျွန်းနှစ်မျိုးပဲ စိတ်ဝင်စားကြတာ အဲဒီအထဲက လျှော်ဖြူက ပိုများတယ်။ လျှော်ဖြူကလည်း ဒီကနေ့ အချိန်မှာ ဈေးကွက်ကလည်း အခိုင်အမာ ရှိနေတာ၊ ဌာနအနေနဲ့လည်း မိုးအချိန်ရောက်ရင် ပျိုးပင်ပေးဖို့ လျှော်ဖြူနဲ့ ကျွန်း ပျိုးပင် ၂၂၅၀၀ ပေးသွားဖို့ ရှိတယ်” လို့ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ ဒေသခံအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို ၂၀၀၃-၂၀၀၄ ခုနှစ်မှာ ဒေသခံ အစုအဖွဲ့များက စတင်လျှောက်ထားလုပ်ကိုင်လာကြပြီး အခုနှစ်မှာလည်း ညောင်နီချောင်းကျေးရွာ၊ ဦးကြည်ရွှေပါ ၁၃ ဦးက ၃၈ ဧက နဲ့ ရွာသာအေး ဦးလှဝင်းနိုင်ပါ ၁၅ ဦးက ၁၂၅ ဧက လျှောက်ထားကြောင်း သစ်တောဦးစီးဌာနက သိရပါတယ်။
ကိုလင်း(ချောက်)











