DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ် အနောက်နိုင်ငံများ၏ ဒီမိုကရေစီသွတ်သွင်းမှု ဟန်ဂေရီဝန်ကြီးချုပ် ပယ်ချ
DVB
·
June 6, 2019
မြန်မာအပေါ် အနောက်နိုင်ငံများ၏ ဒီမိုကရေစီသွတ်သွင်းမှု ဟန်ဂေရီဝန်ကြီးချုပ် ပယ်ချ
Donate to DVB

ဥရောပသမ္မဂ (အီးယူ)နဲ့ တခြားအနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီ သွတ်သွင်းတာကို  ဟန်ဂေရီနိုင်ငံအနေနဲ့ ပယ်ချတယ်လို ၀န်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၅ ရက်က ဟန်ဂေရီနိုင်ငံမြို့တော် ဘူတာပတ်စ်မြို့မှာ တရားဝင် အလုပ်သဘော ခရီးရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ဂေရီ ၀န်ကြီးချုပ်တို့ တွေ့ဆုံစဉ်ပြောကြားခဲ့တာလို့ ဟန်ဂေရီတူဒေးသတင်းမှာ ဖော်ပြပါတယ်။

အီးယူနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်တာကို ထောက်ခံပေမယ့် စီးပွါးရေး ပူးပေါင်းဆောင်ရွက်တာနဲ့ ပြည်တွင်းရေးကိစ္စတွေလို မသက်ဆိုင်တဲ့ ကိစ္စတွေကို ရောထွေးပစ်တဲ့ အီးယူနဲ့ တခြားအနောက်နိုင်ငံ ဗျူရိုကရက်တွေရဲ့  ချဉ်းကပ်မှုနဲ့ ဒီမိုကရေစီ သွတ်သွင်းတာကို ဟန်ဂေရီက ပယ်ချတယ်လို့ ၀န်ကြီးချုပ် အော်ဘန်က ပြောပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံရာမှာ တရားမ၀င် ရွှေ့ပြောင်းလာသူတွေအရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြသလို စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်တွေမှာ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့ကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် တရားမ၀င်ရွှေ့ပြောင်းလာသူတွေအရေးဟာ မြန်မာနဲ့ ဟန်ဂေရီ နှစ်နိုင်ငံစလုံး အတွက်ရော ယေဘုယျအနေနဲ့ အရှေ့တောင်အာရှနဲ့ ဥရောပအတွက်ပါ အဓိကကျတဲ့ စိန်ခေါ်မှု ဖြစ်ပြီး ကြီးထွားလာတဲ့ မွတ်စလင်လူဦးရေနဲ့ ဘယ်လိုယှဉ်တွဲနေထိုင်မလဲဆိုတဲ့ အရေးကိစ္စဟာ ဒေသ နှစ်ခုစလုံးမှာ ဖြစ်ပေါ်နေတယ်လို့ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင်  တိုင်းပြည်လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားထုတ်မှုတွေ အတွက်  ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံကနေ  ဟန်ဂေရီနိုင်ငံကို မနေ့ကရောက်ရှိလာတာဖြစ်ပြီး ဟန်ဂေရီဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးကိစ္စတွေနဲ့ နှစ်နိုင်ငံမြို့တော်တွေမှာ သံရုံးတွေ အပြန်အလှန် ဖွင့်လှစ်သွားနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်း ထုတ်ပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013