DVB Logo
Home
မြန်မာသတင်း
မြေယာကိစ္စ ခြိမ်းခြောက်ခံရ၍ လားရှိုးဒေသခံ ၂၀၀ ခန့် ထွက်ပြေး
DVB
·
June 6, 2019
မြေယာကိစ္စ ခြိမ်းခြောက်ခံရ၍ လားရှိုးဒေသခံ ၂၀၀ ခန့် ထွက်ပြေး
1 / 3
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာအုပ်စု မန့်ဗြိန်းရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကုမ္ပဏီ နဲ့ ရွာသားတွေကြား စိုက်ပျိုးမြေယာကိစ္စ အငြင်းပွားမှုဖြစ်ခဲ့ပြီး အက်စ်အက်စ်ပီပီအဖွဲ့မှ ဗိုလ်ကြီးတဦးက လာရောက်ခြိမ်းခြောက်တဲ့အတွက် ရွာသား ၂၀၀ နီးပါး လားရှိုးမြို့ကို ဇွန်လ ၅ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက မန့်ဗြိန်းရွာရှိ ရွာသားပိုင်မြေကွက်ပေါ် ကုမ္ပဏီတခုက စက်ယန္တရား တွေနဲ့ လာရောက်လုပ်ကိုင်နေလို့ ရွာသားတွေက ပြောဆိုရာမှာ အဆိုမြေကွက်မှာ အက်စ်အက်စ်ပီပီ ဗိုလ်ကြီးအဆင့်ရှိတဦးက ကုမ္ပဏီကို ရောင်းစားထားတာဖြစ်ကြောင်း၊ အဲဒီနောက် အဆိုပါဗိုလ်ကြီးက ရွာသားတွေကို လာရောက်ခြိမ်းခြောက်တာကြောင့် ထိတ်လန့်ပြီး ထွက်ပြေးလာတာလို့ လားရှိုးမြို့ ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

“မန့်ဗြိန်းရွာသား ၁၀၀ ကျော် ၂၀၀ နီးပါး လားရှိုးမြို့ ရပ်ကွက် ၉  ထဲက ခရစ်ယာန် ကျောင်းမှာ ထွက်ပြေးလာတယ်၊ လိုအပ်တာ ၀ိုင်းကူပေးဖို့ ကျနော်တို့ လူမှုကူညီရေး အဖွဲ့အစည်းတွေဆီ အကူအညီတောင်းလာပါတယ်။ ခဏနေ သူတို့ဆီသွားမလို့ စီစဉ်နေတယ်။ သူတို့ရဲ့ မြေယာတွေကို ပိုင်ရှင်အသိမပေးဘဲ လက်နက်ကိုင်အဖွဲ့အစည်းက ကုမ္ပဏီကို ရောင်းစား ထားတယ်၊ ဧကပေါင်း ၃၀၀ ကျော်တဲ့၊ ရွာသားတွေက သူတို့မှာ ဒီမြေယာကိုပဲ အမီပြုပြီး လုပ်ကိုင်စားသောက်နေရလို့ လာမလုပ်ဖို့  ကုမ္ပဏီကိုပြောတယ်ပေါ့နော်၊ ကုမ္ပဏီကလည်း သူတို့ ၀ယ်ထားပြီးပြီပေါ့။ ဒါနဲ့ မြေကွက်ရောင်းထားတဲ့ လက်နက်ကိုင်အဖွဲ့ ဗိုလ်ကြီးက ရောက်လာပြီး ရွာသားတွေကို သဘောတူကြောင်း လက်မှတ်အတင်းထိုးခိုင်းတယ်၊ ခြိမ်းခြောက်တာတွေ လုပ်တယ်။ အဲဒါကြောင့် မနေရဲတော့ဘဲ ထွက်ပြေးလာတာလို့ ပြောပါတယ်ခင်ဗျ။”

အဆိုပါ ရွာသားတွေကို လာရောက်ခြိမ်းခြောက်သူ ဗိုလ်ကြီးမှာ အက်စ်အက်စ်ပီပီ ရှမ်းပြည် တပ်မတော်က ဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ အက်စ်အက်စ်ပီပီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က “အက်စ်ပီပီ အုပ်ချုပ်ရေးပိုင်းကလူတော့ ဟုတ်တယ်၊ ဖြစ်စဉ်အသေးစိတ်ကို စိစစ်နေဆဲပါ။ အခုဖြစ်နေတာက ဗဟိုက မသိရပါဘူး။ ကျနော်တို့ အက်စ်အက်စ်ပီပီ အဖွဲ့အစည်းမှာ  မြေယာ ရောင်းချဖို့ ပေါ်လစီမရှိဘူး။ တားမြစ်တာပဲရှိတယ်၊ မြေယာနဲ့ သစ်တောထိန်း သိမ်းရေးပေါ်လစီပေါ့” လို့ ပြောပါတယ်။

လားရှိုးမြို့ ရပ်ကွက် ၉ ရှိ ခရစ်ယာန်ဘုရားကျောင်းမှာ ဇွန် ၅ ရက်နေ့ မနက်က ထွက်ပြေးခိုလှုံလာတဲ့ အိမ်ထောင်စု ၄၂ စု၊  ကျောင်းသားကျောင်းသူတွေအပါအ၀င် လူဦးရေ ၁၈၇ ဦးရှိပြီး လားရှိုးမြို့ မေတ္တာဖောင်ဒေးရှင်းနဲ့ လူမှုကူညီရေး ပရဟိတအဖွဲ့တွေက ကား ၁၀ စီးနဲ့ သွားကြိုခဲ့ကြတာလို့ သိရပါတယ်။

ဓာတ်ပုံ - TYO Lashio

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013