DVB Logo
Home
မြန်မာသတင်း
အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း
DVB
·
November 15, 2012
အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း
Donate to DVB

ပြည်ထောင်စုအစိုးရကနေ ၀န်ကြီးဌာနတွေရဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီထုတ်ပေးနိုင်ဖို့အတွက် သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဒုဝန်ကြီးတဦး ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ဒုတိယ၀န်ကြီး ဦးအောင်သိမ်းခေါင်းဆောင်အဖြစ် ပါဝင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဒီနေ့မှာ ဖွဲ့စည်းလိုက်တာပါ။

သတင်းဌာနတွေရဲ့ သတင်းရရှိမှု မြန်ဆန်စေဖို့နဲ့ ၀န်ကြီးဌာနတွေရဲ့ သတင်းအချက်အလက် မှန်ကန်ရရှိစေမှာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံအစိုးရရဲ့ မူဝါဒတွေ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုက နားလည် ယုံကြည်လာအောင် ရည်ရွယ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“နိုင်ငံတော်သမ္မတကြီးက မီဒီယာတွေကို သတင်းအချက်အလက်ပေးရမယ်၊ ပြည်သူလူထုကို သတင်းအချက်အလက်ပေးရမယ်။ အစိုးရ လုပ်ကိုင်နေတာတွေကို ပြည်သူလူထုသိအောင်၊ ဒါမှလည်း အစိုးရရဲ့ မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုက သိမြင်နားလည်လာပြီးတော့ အစိုးရအပေါ်မှာ နားလည်မှု၊ ယုံကြည်မှု မြင့်မားလာအောင် သမ္မတက ရည်ရွယ်ပါတယ်။ သူကိုယ်တိုင်လည်း သတင်းမီဒီယာတွေ လေးစားပြီးတော့ ဆက်ဆံရေးမြှင့်တင်နိုင်အောင် သူ့လက်ထက်မှာ သတင်းဌာနတွေကို လွတ်လပ်စွာရေးသားဆောင်ရွက်ခြင်းတွေကို မြှင့်တင်ပြီးတော့ ဆောင်ရွက်ပေးမယ်။ ၀န်ကြီးဌာနတွေမှာလည်း contact person တွေ ဖွဲ့စည်းဖို့ အမိန့်ထုတ်ထားတယ်။ အခုလည်း သက်ဆိုင်ရာ contact person တွေက သက်ဆိုင်ရာ ဌာန လုပ်ငန်းတာဝန်တွေနဲ့ မအားမလပ်တဲ့အခါတွေ၊ သတင်းဌာနတွေ လိုချက်တဲ့အချက်အလက်ကို အချိန်မီ ဖြေကြားနိုင်ခြင်းမရှိတဲ့ဟာတွေ၊ ပြည်သူလူထုကြားမှာ တခြားသော မခိုင်လုံတဲ့ သတင်းတွေ ဖြစ်ပေါ်လာတာ တွေ့ရှိရတဲ့အတွက် သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ ဗဟိုတခုကနေ ဒီအလုပ်ကို သီးသန့်လုပ်ဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းပေးရခြင်းဖြစ်ပါတယ်။”

အရင်က ထုတ်ပြန်ပေးထားတဲ့ ၀န်ကြီးဌာန အသီးသီးရဲ့ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်တွေကို ဆက်သွယ်လို့ မရခဲ့ရင် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးဌာနကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ သတင်းဌာနတွေ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကိုလည်း မကြာမီမှာ ထုတ်ပြန်ပေးမယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့တာဝန်ယူ လုပ်ဆောင်မှာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို အခုလို ရှင်းပြပါတယ်။

“နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာ သတင်းတွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့၊ အခါအားလျော်စွာ လိုအပ်ချက်ရှိရင် ရှိသလို သတင်းစာရှင်းလင်းပွဲတွေ တာဝန်ယူ ပြုလုပ်ပေးဖို့၊ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်ပေးဖို့။ နောက် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနဲ့ စပ်လျဉ်းပြီး တင်ကူးမီဒီယာ (Preactive  Media) လုပ်ငန်းနှင့် တုံ့ပြန်မီဒီယာ (Reactive  Media) လုပ်ငန်းများ ဆောင်ရွက်ပေးဖို့။ ပြည်တွင်းပြည်ပမှာရှိတဲ့ သတင်းဌာနတွေ၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းဌာနတွေကို အချိန်နဲ့တပြေးညီ သတင်းဖြန့်ချီပေးဖို့။ ၀န်ကြီးဌာနအသီးသီးက ဖွဲ့စည်းထားတဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အထောက်အကူပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဆိုတာ လုပ်ငန်းတာဝန် ၆ ချက် သတ်မှတ်ပေးထားတယ်။ ၀န်ကြီးဌာနတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်သိချင်တာရှိရင် ဒါကို မေးလို့ရပါတယ်။ သမ္မတကြီးနဲ့ ပတ်သက်တာတော့ ကျနော်တို့ ဖြေကြားနိုင်တယ်။ ၀န်ကြီးဌာနအသီးသီးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကိုလည်း ဆက်သွယ်မေးနိုင်သလို ဒီအဖွဲ့ကိုလည်း မေးနိုင်ပါတယ်။”

အခုဖွဲ့စည်းလိုက်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သတ်ဆိုင်တဲ့အကြောင်းအရာ အချက်အလက်တွေကိုလည်း အဲဒီဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး သတင်းထုတ်ပြန်ပေးသွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013