DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် ကြွက်များအစုလိုက်သေဆုံးသဖြင့် ဒေသခံများ စိုးရိမ်နေ
DVB
·
June 6, 2019
ဘုတလင်တွင် ကြွက်များအစုလိုက်သေဆုံးသဖြင့် ဒေသခံများ စိုးရိမ်နေ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်က ကျေးရွာတချို့မှာ ဇွန် ၃ ရက်နေ့က စတင်ကာ ဒေသအခေါ် ကြွက်ကတိုးတွေ အစုလိုက်သေဆုံးနေပါတယ်။

ဘုတလင်မြို့နယ်အတွင်းက မောင်းထောင်၊ စိုင်ပြင်လေး၊ ဆည်ဝ၊ ကြက်ရိုးကုန်း၊ ဒန်းပင်တဲ စတဲ့ ကျေးရွာတွေမှာ ဇွန် ၃ ရက်ကနေ ၄ ရက်အထိ နေအိမ်မှာ ခိုအောင်းနေတဲ့ ကြွက်တွေ အစုလိုက်သေဆုံးခဲ့တာပါ။

မောင်းထောင်ရွာနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က "ကျနော့်အိမ်ဘေးက အကိုအိမ်ကနေ ၅ ကောင်လောက် စသေတာ။ ကြောင်ခုတ်တယ် ထင်တာပေါ့။ နောက်တော့ တခြားရပ်ကွက်ကပါ သေတာတော့ဆိုတော့ သတိထားမိသွားတာ။ ဒါနဲ့ ရွာအုပ်ချုပ်ရေးမှူးကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အကြောင်းကြားခိုင်း ဆက်သွယ်ခိုင်း တယ်။ မြို့နယ်က အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးမှူးကလည်း လာတယ်။ လက်အိတ်၊ နှာခေါင်းစီးတွေ အသုံးပြုဖို့ ပညာပေးဟောပြောပွဲပါလုပ်တယ်။ လမ်းပေါ်၊ အိမ်ဝင်း၊ အိမ်ပေါ်က ကြွက်တွေကို လည်း ဓာတ်ခွဲခန်းပို့ဖို့ ယူသွားတယ်။ မကြုံဖူးတော့ စိုးရိမ်နေကြတာပေါ့" လို့ ပြောပါတယ်။

မောင်းထောင်ရွာ အုပ်ချုပ်ရေးမှုး ဦးထွန်းနိုင်က "ဒီနေ့တော့ ထပ်ဖြစ်တယ်မကြားတော့ဘူး။ ကျနော်တို့ရွာတင်မကဘူး ကျန်တဲ့ရွာတွေလည်း ဖြစ်တယ်။ ၃ ရက်နေ့က အိမ်ခြေ ၅၀ က အကောင် ၃၈၂ ကောင်၊ ၄ ရက်နေ့မှာ ၉ အိမ်က ၅၄ ကောင်၊ ပေါင်း ၄၃၆ ကောင်ပေါ့။ ဒါက ကျနော်တို့ရွာတင်။ ရွာကတော့ ပုလိပ်ရောဂါဘာညာဖြစ်မှာ စိုးရိမ်စိတ်တော့ရှိတာပေါ့။ လောလောဆယ်တော့ ဆေးခန်းလည်း ၂၄ နာရီဖွင့်ထားတယ်။ လူနှင့် တခြားတိရစ္ဆာန်တွေ ဘာမှမဖြစ်ဘူး။ အဖြေရမှသာ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်ရမှာပေါ့"လို့ ပြောပါတယ်။

ကြွက်သေဆုံးမှုက ၂ ရက်အတွင်း ၅၇၀ လောက်ရှိတယ်လို့ သိရပါတယ်။ ကြွက်ဝမ်းဖြူ အမျိုးအစားတွေချည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇေလင်းမောင်က "လောလောဆယ် တော့ ဓာတ်ခွဲခန်း အဖြေမရသေးဘူး။ ကနဦးစစ်ချက်အရတော့ ပုလိပ်ရောဂါဖြစ်နိုင်တဲ့ ကြွက်သန်းမတွေ့ရဘူး။ အဖြေရမှသာ ဘာဆိုတာ သိနိုင်မယ်"လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းကျန်းမာရေးဦးစီးဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

မောင်းထောင်ကျေးရွာမှာ အင်္ဂလိပ်လက်ထက်တုန်းကတော့ ပုလိပ်ရောဂါဖြစ်ခဲ့ဖူးပေမယ့် အခုလို ကြွက်တွေအစုလိုက်သေဆုံးတာကတော့ မကြုံဖူးသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013