DVB Logo
Home
မေးမြန်းခန်း
မူပိုင်ခွင့်ဥပဒေမူကြမ်း အပြီးသတ်လုပြီ
DVB
·
November 15, 2012
Donate to DVB

မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေမူကြမ်းကို အချောသတ်နေပြီး မကြာခင် အစိုးရနဲ့ လွှတ်တော်တွေမှာ တင်ပြနိုင်တော့မယ်လို့ ဦးဆောင်ရေးဆွဲသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကမ္ဘာ့အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒု - ၀န်ကြီး ၃ ဦးကို တွေ့ဆုံခဲ့သလို နိုဝင်ဘာ ၁၄ ရက်နေ့က ပြန်ကြားရေးဌာန ပြည်ထောင်စုဝန်ကြီးကိုလည်း တွေ့ဆုံခဲ့ပါတယ်။

တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ၊ စက်မှုလက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနဲ့ စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်ဥပဒေဆိုပြီး ၄ ခု ရေးဆွဲရာမှာ စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူရေးဆွဲပြီး ကျန် ၃ ခုကို သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက တာဝန်ယူရေးဆွဲဖို့ တာဝန်ပေးထားပါတယ်။

မူပိုင်ခွင့်ဥပဒေတရပ် ခိုင်ခိုင်မာမာ ပေါ်ထွက်လာရင် ရုပ်ရှင်ဂီတအနုပညာလောက၊ ပန်းချီ၊ ဓာတ်ပုံနဲ့ အိုင်တီနည်းပညာတွေမှာ မူပိုင်ခွင့် ချိုးဖောက်ခံနေရမှုတွေ လျော့နည်း အဆုံးသတ်သွားစေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လမတိုင်မီ အပြီးရေးဆွဲရမှာ ဖြစ်ပါတယ်။ မူပိုင်ခွင့်ဥပဒေကြမ်းကို တာဝန်ယူရေးဆွဲနေတဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနရဲ့ ရုံးအဖွဲ့မှူး ဒေါက်တာစိုင်းကျော်နိုင်ကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။

သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက ရေးဆွဲနေတဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဘယ်အဆင့်ရောက်ပြီလဲ။ ဘာတွေပါလဲ သိပါရစေ။

“ဥပဒေ ၄ ခုပြင်ဆင်နေပါတယ်။ တခုက Patent Law၊ နောက်တခုက Industrial Design၊ နောက်တခုက Trademark Law၊ Copyright Law ဒါတွေ ပြင်ဆင်နေပါတယ်။”

ပြင်ဆင်ရေးဆွဲတာက သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံးတို့ ပူးပေါင်းပြင်ဆင်ရေးဆွဲတယ်လို့ သိရပါတယ်။ ဘယ်မူကြမ်းအဆင့်လောက် ရှိနေပါပြီလဲ။

“ဟုတ်ပါတယ်။ ကျနော်တို့က သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ၊ အစိုးရမဟုတ်တဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက လုပ်ငန်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေရော ပူးပေါင်းပြီး အစည်းအဝေးမြောက်မြားစွာ ကျင်းပပြီး ဥပဒေမူကြမ်း ပြင်ဆင်နေပါတယ်။ အခုထိတော့ ဥပဒေမူကြမ်းထွက်ရှိရေးကို နောက်ဆုံးနီးပါး အဆင့်ရောက်နေပြီ။”

ဥပဒေမူကြမ်းက ကနဦးပိုင်းက ၂၀၀၅ မှာအပြီးသတ်ရမယ်ဆိုပေမယ့် မပြီးတော့ ၂၀၁၃ ဇူလိုင်အထိ သတ်မှတ်ပေးလိုက်တယ်လို့ သိရတယ်။ အခုသတ်မှတ်တဲ့အတိုင်းရော အပြီးသတ်နိုင်မလား။

“ဥပဒေမူကြမ်းထွက်ရှိရေးကိုတော့ သက်ဆိုင်ရာ ၀န်ကြီးဌာန၊ အဖွဲ့အစည်းတွေ၊ ရှေ့နေချုပ်ရုံးတို့၊ WIPO နဲ့လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အချိန်မီပြီးအောင်တော့ အစွမ်းကုန်ဆောင်ရွက်နေပါတယ်။”

ရင်းနှီးမြှုပ်နှံမယ့်သူတွေကလည်း ဒီရေးဆွဲနေတဲ့ ဥပဒေတွေကို စောင့်စားနေတယ်လို့ သိရတယ်။ ဥပဒေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်ဖို့အတွက် သူတို့ရဲ့ မူပိုင်ခွင့်တွေ ကာကွယ်ပေးမှုက နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ရှိပါလား။

“နိုင်ငံတကာစံချိန်စံညွှန်းရှိအောင်တော့ WIPO အဖွဲ့နဲ့ ညှိနှိုင်းပြီး သူတို့ရဲ့ အကြံပေးမှုတွေနဲ့ ရှေ့နေချုပ်ရဲ့ အကြံပြုချက်တွေနဲ့ ဆောင်ရွက်နေပါတယ်။”

ဒီမူကြမ်းကို သမ္မတဆီပဲဖြစ်ဖြစ်၊ လွှတ်တ်ာကိုပဲ ဖြစ်ဖြစ် ဘယ်တော့လောက် အပြီး တင်နိုင်မလဲ။

“ကျနော်တို့ အမြန်ဆုံးဆောင်ရွက်နေပါတယ်။ နောက်ဆုံးအဆင့် အစည်းအဝေးပြီးသွားရင်တော့ ရှေ့နေချုပ်ရုံးရဲ့ အတည်ပြုချက်ယူမယ်၊ ပြီးရင် အစိုးရအဖွဲ့ရုံးကို ဆက်တင်ပါမယ်။ ပြီးရင် လွှတ်တော်တင်ပြီး အခြေခံဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ။”

နှစ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် အချောသတ်ခဲ့တဲ့ ဥပဒေက မြန်မာပြည်သူတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ။

“မူပိုင်ခွင့်ဥပဒေသာ အတည်ပြု ပြဋ္ဌာန်းပေးနိုင်ရင် မြန်မာနိုင်ငံမှာ စာပေအနုပညာဖန်တီးမှုတွေကို အပြည့်အ၀ အကာအကွယ်ပေးလာနိုင်မယ်၊ ဒါ့အပြင် ဖန်တီးမှု စွမ်းအားတွေကိုလည်း ပိုမိုမြင့်မားလာစေမှာဖြစ်ပါတယ်။ နောက်တခုက မြန်မာနိုင်ငံမှာ အမျိုးသားစာပေ ဂီတ အနုပညာ အဆင့်အတန်း ပိုမိုမြင့်မားလာအောင်လည်း ဆောင်ရွက်ပေးနိုင်မှာဖြစ်သလို မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမို များပြားလာမယ်လို့ သုံးသပ်ယူဆထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013