DVB Logo
Home
မြန်မာသတင်း
ကော့သောင်း ကျောက်မီးသွေးစက်ရုံ ဖျက်ရန် ဆန္ဒပြ
DVB
·
November 15, 2012
ကော့သောင်း ကျောက်မီးသွေးစက်ရုံ ဖျက်ရန် ဆန္ဒပြ
Donate to DVB

တနင်္သာရီတိုင်း ကော့သောင်းမြို့တွင်း လူနေအိမ်ခြေတွေထဲမှာ တည်ထားတဲ့ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဖျက်သိမ်းပေးဖို့နဲ့ အစားထိုး လောင်စာ စီစဉ်ပေးဖို့ ဒေသခံပြည်သူ ၁၀၀ ခန့် ဒီနေ့ မနက်က ဆန္ဒပြတောင်းဆိုကြပါတယ်။

မြို့ရဲ့မြောက်ဘက် အေးရိပ်ငြိမ်းနဲ့ ရွှေပြည်သာရပ်ကွက် ၂ ခုအကြား တည်ထားတဲ့ အဲဒီ  စက်ရုံဟာ လူနေအိမ်နဲ့ ပေ ၅ဝ သာကွာဝေးမှုနဲ့ ခေါင်းတိုင်က ပေ ၄၀ လောက်သာ မြင့်ပြီး မြို့လူထု အားထားရာ သောက်သုံးရေကန်နဲ့ နီးကပ်နေတာကြောင့် ကျန်းမာရေးစိုးရိမ်လို့ ဆန္ဒပြနေကြတာဖြစ်ပြီး အောက်တိုဘာလလယ်ပိုင်းတုန်းကလည်း အလားတူ ဆန္ဒပြခဲ့ကြပါသေးတယ်။

ဒီဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်းက အများပြည်သူကျန်းမာရေးကို ထိခိုက်စေမှာဖြစ်တဲ့အတွက် စက်ရုံကို ဖျက်သိမ်းဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

“ကော့သောင်းမြို့မှာ တည်ဆောက်ထားတဲ့ ကျောက်မီးသွေးနဲ့ လျှပ်စစ်မီးဓာတ်အားပေးစက်ရုံ တနင်္သာရီတိုင်းမှာ လုံးဝ ပပျောက်ကင်းစင်သွားရေးက ရည်ရွယ်ချက်ဖြစ်တယ်။ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ စက်ရုံကို ဘယ်သူ့အစိုးရက တာဝန်ယူမှာလဲ၊ စက်ရုံပိုင်ရှင်တွေက တာဝန်ယူမှာလား။ တာဝန်ယူမှုမရှိဘဲ လုပ်မယ်ဆိုရင် လက်မခံဘူး။ တာဝန်ယူမှုရှိမယ်ဆိုရင်တောင် ဒီကျောက်မီးသွေးစက်ရုံဟာ ကော့သောင်းမြို့မှာ လုံးဝမရှိအောင် လွှတ်တော်အဆင့်ထိ အဆင့်ဆင့် တင်သွားမယ်။ ဒါ ကျနော်တို့ခံယူချက်နဲ့ ယုံကြည်ချက်ပါ။”

ကော့သောင်းမြို့မှာ လျှပ်စစ် ၁ ယူနစ်ကို ကျပ် ၅၀၀နဲ့ အများပြည်သူတွေ ၀ယ်ယူသုံးစွဲနေရာက သန်းဖြိုးသူကုမ္ပဏီက မီတာ ၁ ယူနစ်ကို ကျပ် ၂၀၀ နှုန်းနဲ့ ပေးမယ်လို့ ကြေညာဆွဲဆောင်ခဲ့ပြီး ကန့်ကွက်မှုတွေ ရှိနေတဲ့အကြားက အောက်တိုဘာ ၅ ရက်နေ့က မီးစတင်ပေးပါတယ်။

မီးပေးတဲ့အခါ ဒီဇယ်နဲ့ လည်ပတ်တဲ့စက်တွေကို ရပ်ထားပြီး ကျောက်မီးသွေးနဲ့ လည်ပတ်တဲ့အကြောင်းနဲ့ ၁ ယူနစ်ကို ၂၀၀ ကျပ်နဲ့ မပေးဘဲ  ၃၇၀ ကျပ်နှုန်း ကောက်ခံနေတယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။

“သူတို့ကောက်တာက ဒီဇယ်နဲ့အနေအထားမျိုးကောက်ခံပြီး ခုတ်နေတာက ကျောက်မီးသွေးနဲ့ခုတ်မောင်းနေတယ်။ ပြည်သူလူထုကို အစိုးရနဲ့ပေါင်းပြီး လှည့်စားပြီး မဟားတရားလုပ်နေတဲ့ အနေအထားဖြစ်နေတယ်။ စက်ရုံစစ်ပေးရေးက အစိုးရမှာတာဝန်ရှိတယ်။ တိုင်းဒေသကြီးအစိုးရကို အယုံအကြည်မရှိတဲ့အကြောင်း ကျနော်တို့ပြောရတယ်။ အစိုးရကပါ ပါနေမယ်ဆိုရင် သူ့ကိုပါ ဖြုတ်ချရမယ်။”

လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ် ထုတ်လွှတ်မယ့် ကျောက်မီးသွေးစက်ရုံဟာ အစောပိုင်းက ထိုင်းနိုင်ငံ ပရာကျွတ်မြို့မှာ တည်ဆောက်ဖို့ စီစဉ်ထားပေမယ့် ထိုင်းနယ်မြေခံတွေက ကန့်ကွက်ဆန္ဒပြတဲ့အတွက် မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းမှာ လာရောက် တည်ဆောက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေကနေ ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေ ထွက်ရှိစေတဲ့အတွက် လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတာကြောင့် လူနေရပ်ကွက်တွေနဲ့ အဝေးမှာသာ လုပ်ဆောင်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013