DVB Logo
Home
မြန်မာသတင်း
ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပရာ့ဂ်မြို့တွင် ဖွင့်လှစ်
DVB
·
June 5, 2019
ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပရာ့ဂ်မြို့တွင် ဖွင့်လှစ်
1 / 6
Donate to DVB

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို ချက်နိုင်ငံရဲ့မြို့တော် ပရာ့ဂ်မြို့မှာ ဇွန်လ ၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးလိုက်ပါတယ်။

သံရုံးဖွင့်ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ချက်နိုင်ငံခြားရေးဝန်ကြီး တောမတ်စ်ပတ်ထရစ်တို့က မြန်မာသံရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သံရုံးကမ္ပည်းမော်ကွန်းကို အမွေးနံ့သာရည်နဲ့ ပက်ဖျန်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ဒီနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ချက်နိုင်ငံခြားရေးဝန်ကြီးတို့က အမှာစကား ပြောကြားခဲ့ကြပြီး မြန်မာသံရုံးဖွင့်ပွဲကို အာဆီယံနိုင်ငံတွေက သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ချက်နိုင်ငံမှာ လာရောက်ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေ၊ ချက်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ သံရုံးမိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဥရောပတိုက် အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသက နိုင်ငံတွေနဲ့ မြန်မာနိုင်ငံအကြား ထိတွေ့ဆက်သွယ်မှုတွေ၊ ကုန်သွယ်စီးပွားကိစ္စတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ မြန်မာသံရုံးသစ် တိုးချဲ့ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။

အခုနှစ်အတွင်း လက်တင်အမေရိက၊ ကာရေဗီယံဒေသတွင်း နိုင်ငံတွေနဲ့ ထိတွေ့ဆက်သွယ်မှု တိုးမြှင့်ဖို့ ကျူးဘားနိုင်ငံ ဟာဗားနားမြို့မှာလည်း မြန်မာသံရုံးသစ် တိုးချဲ့ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့မှာ မြန်မာသံရုံး ဖွင့်လှစ်နိုင်ဖို့ သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေ ကျပ် ၈၅၉ သန်းကျော် သုံးစွဲခွင့်ပြုဖို့ နိုင်ငံခြားရေးဌာနက ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်က တောင်းခံထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သံတမန်ဆက်သွယ်မှုတွေ တိုးချဲ့ထူထောင်နိုင်ခဲ့တာကြောင့် ဒီနေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၁၂၄ နိုင်ငံနဲ့ သံတမန်အဆက်အသွယ် ထူထောင်ထားရှိပြီး ဖြစ်ပါတယ်။

လက်ရှိမှာ ချက်နိုင်ငံကသံရုံး အပါအဝင် ကမ္ဘာ့အနှံ့မှာ မြန်မာသံရုံး ၃၆ ရုံး၊ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ၃ ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံး ၆ ရုံး၊ စုစုပေါင်း ၄၄ ရုံးကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဘီနင်သမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ တိုဂိုသမ္မတနိုင်ငံတို့နဲ့ မြန်မာနိုင်ငံအကြား သံတမန်ဆက်သွယ်မှု တိုးချဲ့ထူထောင်ဖို့ ပြည်ထောင်စုလွှတ်တော်က မေ ၂၃ ရက်မှာ သဘောတူထားပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ မော်လ်တာ၊ အီကွေဒေါ၊ မာရှယ်ကျွန်းစုနိုင်ငံ၊ ဟိုလီဆီးလ်၊ လိုက်ဘေးရီးယား၊ ဂီနီ၊ ဆေးရှဲလ် စတဲ့ မိတ်ဘက်သစ်နိုင်ငံ ၁၀ နိုင်ငံနဲ့လည်း သံတမန် ဆက်သွယ်ထူထောင်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - MOFA

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013