
လက်နက်ကြီးကျည်ကျရောက် ထိမှန်သေဆုံးသွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာက ရွာသား ၆ ဦးကို ဒီကနေ မင်းပြားသုဿန်မှာ ဂူသွင်း သဂြုင်္ိဟ် လိုက်ပါတယ်။
မနေ့ နေ့လယ်ပိုင်း ၂ နာရီကျော်လောက်မှာ စပါးထားကျေးရွာဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အခင်းဖြစ်တဲ့နေရာမှာတင် ၄ ဦးသေဆုံးခဲ့ပြီး မင်းပြားမြို့ဆေးရုံမှာ နောက်ထပ် ၂ ဦး ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေကတော့ ဦးလှမောင် အသက် ၅၅နှစ်၊ ဦးမောင်မောင်သန်း အသက် ၄၈နှစ်၊ ဦးမောင်ဖြူထွန်း ၅၂ နှစ်၊ ဒေါ်လပြည့်ကြည် ၄၀ နှစ်၊ မဆန်းဆန်းဝင်း ၁၄ နှစ်နဲ့ ဦးမောင်အေးနု ၇၁ နှစ်တို့ဖြစ်ကြပါတယ်။
သေဆုံးသူရဲ့ ဆွေမျိုးတဦးက "ဆရာတော်သံဃာတော်တွေကို ပင်ဖိတ်ပြီး သရဏဂုံ ဆောက်တည်ကြကာ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းစဉ်လာအရ မြေမြုလ်သဂြုင်္ိဟ်မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။
အသုဘ အခမ်းအနားကို မင်းပြား၊ ကျောက်တော်၊ မြောက်ဦး စတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူ ၅၀၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။
စပါးထားကျေးရွာ၊ ဘိတ်တောင်ကျေးရွာအနီးမှာ ဇွန် ၄ ရက်မနက်က တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အနီးနားတ၀ိုက်ရှိ ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော် မင်းပြားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
မင်းပြားမြို့ဘုန်းတော်ကြီး ကျောင်းတွေနဲ့ စာသင်ကျောင်းတွေ၊ နီးစပ်ရာဆွေးမျိုးေ တွဆီကိုထွက်ပြေးတိမ်းရှောင်လာကြတာလို့ MCYN မင်းပြားမြို့ ပရဟိတ လူငယ်ကွန်ယက်က အဖွဲ့ခေါင်းဆောင်ကိုညီညီအောင်က ဒီဗွီဘီကိုပြောပါတယ်။
“မင်းပြားမြို့ထက်ကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင် အားလုံးစုစုပေါင်း ၁၃၀၀ ကျော်အထိရှိလာနေပါတယ်။ လောလောဆယ် ဘုန်းတော်ကြီးကျောင်း လေးကျောင်းမှာသူတို့ကို နေရာချပေးထားပါတယ်။ မနေ့က လက်နက်ကြီးကျည်ကျတဲ့နေရာက ထွက်ပြေးလာကြတာပါ။ အဲ့ဒီမှာ မင်းပြားမြို့နယ်က စပါးကျေးရွာနဲ့ ဘိုက်တောင်ကျေးရွာနဲ့ ရွှေတမာကျေးရွာတွေကလာကြ တာဖြစ်ပါတယ်။ မနေ့က လက်နက်ကြီး ကျည်ကျရောက်ခဲ့လို့ ပြေးလာကြတာ။”
အဲ့ဒီစစ်ဘေးရှောင်တွေက သံရှင်သစ်ကျောင်းတိုက်မှာ ၁၅၀၊ သေကန်ဘုန်းတော်ကြီး ကျောင်းမှာ ၁၅၀ နားဒင်ရွာဟောင်း စာသင်ကျောင်းမှာ ၅၀၊ ရိပ်သာကျောင်း ၂၀၀ မင်းပြားကျောင်းသစ် ၂၅၀၊ ပလဲပေါက်ကျောင်းတိုက် ၁၅၀၊ နာဒင်ရွာဟောင်း၊ နာဒင်ရွာသစ်တွေမှာ ၂၀၀ နီးပါးလောက် စစ်ဘေးရှောင်တွေလာရောက်ရှိနေကြတာပါ။
MCYN မင်းပြားမြို့ ပရဟိတ လူငယ်ကွန်ယက်၊ အာရက္ခအလင်းရောင်ပရဟိတအဖွဲ့၊ ကျိန်းရိပ်ဂရုဏာ၊ စည်းထိန်း၊ မင်းပြားမြို့နာရေးအသင်း၊ သွီးအလှူရှင်အသင်းနဲ့ ဌာနဆိုင်ရာ တွေက စစ်ဘေးတွေကို လာရောက်ကူညီပေးနေတာတွေရှိနေတယ်လို့ အာရက္ခအလင်းရောင် ပရဟိတ အဖွဲ့ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောပါတယ်။
“လောလောဆယ်ကတော့ ကျနော်တို့ လူမှုအဖွဲ့အစည်းတွေက ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးထားတယ်။ ဒီအတိုင်း တိုက်ပွဲတွေဆက်ဖြစ်နေရာင်တော့ စစ်ဘေးရှောင်တွေက ပိုများလာဖို့ရှိတယ်။ ရေရှည်ကတော့သူတို့စားဝတ်နေရးအဆင်ပြေဖို့ မလွယ်ဘူး။ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုပြီးအခက်အခဲဖြစ်လာမယ်”
စပါးထားကျေးရွာဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့သူ ၈ ဦးအနက် မင်းပြားမြို့ဆေးရုံမှာ ၆ ဦး အတွင်းလူနာအဖြစ်ဆေးကုသနေရသလို ဒဏ်ရာပြင်းထန်တဲ့ အခြား၂ ဦးကိုတော့ စစ်တွေကို ယူဆောင်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။
ဒီကနေ့ မနက်ပိုင်း စပါးထားကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်တာတွေမရှိပေမယ့် သေနတ်ပစ်သံတွေ ကြားနေရတယ်လို့ စပါးထားကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။
သတင်း- ကျော်လင်းဦး၊ ဝဏ္ဏခွာညို











