DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် ၈၀၀ ခန့် စားနပ်ရိက္ခာလိုအပ်နေ
DVB
·
June 4, 2019
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် ၈၀၀ ခန့် စားနပ်ရိက္ခာလိုအပ်နေ
Donate to DVB

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(အေအေ)တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာ ၇ ရွာက ဒေသခံ ၈၀၀ လောက်ဟာ   စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပါတယ်။

တိုက်ပွဲတွေကြောင့် တောဖျားချောင်ဒေသက ထွက်ပြေးလာကြတဲ့ ရဟက်တောင်ကျေးရွာ၊ ဂင်္ဂါကျေးရွာ၊ ကြက်စင်တလင်းကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာ၊ အောင်မော်တော် ကျေးရွာ စေတီပြင်ကျေးရွာ၊ ပိုးရွှီးပြင်ကျေးရွာတွေက ရွာသားတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်က ပေါက်တောပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ ထွက်ပြေးတိမ်းရှောင် လာကြတာဖြစ်ပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေကို လောလောဆယ်မှာ ပေါက်တောပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ နေရာချထားပြီးဖြစ်တယ်လို့ ရခိုင်ရဟန်းတော်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ အရှင်အာရက္ခက မိန့်ပါတယ်။

“ကျေးရွာအကုန် ၇ ရွာလူဦးရေ ၈၀၀ နီးပါးလောက်ရှိတယ်။ လောလောဆယ် ရေတွက်ထား တာ။ ဒီထက်ပိုများမယ်။ ဇွန် ၁ ရက်နေ့ ၂ ရက်နေ့တို့မှ ရဟက်တောင်ကျေးရွာအနားမှာ တိုက်ပွဲတွေကြောင့် သူတို့မနေရဲလို့ ထွက်ပြေးလာကြတာပါ။ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်း ဒေသကလာကြတာ။ အခုလောလောဆယ်တော့ ပေါက်တောပြင်ဘုန်းတော်ကြီးကျောင်းနေရာချ ပေးထားတယ်”

ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေ များပြားတာကြောင့် စားနပ်ရိက္ခာတွေ အရေးပေါ်လို အပ်နေတယ်လို့ ပိုးရွှီးပြင် မဟာမိတ်လူမှုကူညီရေးအသင်း သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုအောင်ကျော်က ဒီဗွီဘီကိုပြောပါတယ်။

“ရုတ်တရက်ဆိုတော့ကျနော်တို့ စားရေးသောက်ရေး အဆင်မပြေဘူး။ ဘယ်လို လုပ်ရမှန်းတောင် မသိသေးဘူး။ လောလောဆယ်တော့ ဒီနေ့အဆင်ပြေအောင်တော့ ဖြစ်သလိုစီစဉ်ရမယ်။ နေဖို့ကတော့ ဘုန်းတော်ကျောင်းမှာဆိုတော့ အဆင်ပြေတယ်။ ”

မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအနီးမှာက ရွှေတမာကျေးရွာ-စပါးထား၊ အောင်ဒိုင်ကျေးရွာနဲ့ မြောင်းဘွေးကျေးရွာတွေနားမှာလည်း  ဇွန် ၂ ရက် မနက်ပိုင်းစလို့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်နေလို့ အနီးအနား ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

ဒါ့အပြင် မနေ့ နေ့လယ်ပိုင်းက စပါးထားကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့မှာ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် ဘုးန်တော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ကျေးရွာသား ၄ ဦးသေဆုံး၊ ၆ ဦး အပြင်းအထန် ဒဏ်ရာရှိခဲ့ပါတယ်။

ဒဏ်ရာရှိခဲ့သူတွေထဲက ကလေးငယ်တဦးဟာ မင်းပြားဆေးရုံမှာ ဆေးကုသခံနေစဉ်မှာ ဒဏ်ရာပြင်းထန်တာကြောင့်  သေဆုံးသွားခဲ့ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013