DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ခူးကြူးဖဲကေးကို ဖမ်းဆီးပြီး လွိုင်ကော်ထောင်ပို့
DVB
·
June 3, 2019
ကရင်နီလူငယ် ခူးကြူးဖဲကေးကို ဖမ်းဆီးပြီး လွိုင်ကော်ထောင်ပို့
Donate to DVB

၂၀၁၇ ခု နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ တရားစွဲဆိုခံထားရပြီး အမှုအလိုရှိနေတဲ့ ကရင်နီလူငယ် ၆ ဦးထဲက ခူးကြူးဖဲကေး (ခေါ်) ဂူးဂူးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိပြီး ချုပ်ရမန်ယူကာ လွိုင်ကော်ထောင်ကို ပို့ဆောင်လိုက်ပါတယ်။

ခူးကြူးဖဲကေးကို ဇွန်လ ၂ ရက်နေ့ညနေ ၆ နာရီလောက်က ဖရူဆိုမြို့ သွားရာလမ်း ဖရူဆိုမြို့အ၀င်ဂိတ်မှာ ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးခဲ့တာဖြစ်ပြီး လွိုင်ကော်မြို့မရဲစခန်းမှာ ချုပ်ထားခဲ့ပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ ရဲစခန်းကနေ မြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူပြီး လွိုင်ကော် အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာပါ။

ချုပ်ရမန်နှစ်ပတ်ယူထားပြီး လာမယ့်ဇွန်လ ၁၇ ရုံးပြန်ချိန်းဆိုထားပါတယ်။ လာမယ့် ရုံးချိန်းကျမှပဲ သူ့အတွက် အာမခံလျှောက်တာတွေ တင်ပြနိုင်မယ်လို့လည်း လွိုင်ကော်မြို့မ စခန်းမှူးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ခူးကြူးဖဲကေးကတော့ သူ့ကို ဒီလိုဖမ်းဆီးခြင်းအားဖြင့် ဗိုလ်ချုပ်ကြေးရုပ် ပြဿနာဟာ ပြေလည်သွားမှာမဟုတ်ကြောင်း ရဲစခန်းမှာ အချုပ်ခံရချိန် ဒီဗွီဘီက သွားရောက်တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ ခူးကြူးဖဲကေး ရဲမိခင်ကတော့ ဒီလိုဖမ်းဆီးခံရတာကို စိတ်ကောင်းကြောင်း၊ အရင်က ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရပေမယ့် ဒီလိုထောင်အထိ အပို့မခံခဲ့ရဘူးလို့ ပြောပါတယ်။

“မနေ့ကဆိုရင် ဘယ်နားအိပ်မှန်းမသိ ဒုရဲအုပ်တယောက်က လာပြောတယ်။ ဒီမှာ (ရဲစခန်း) မှာ ရှိတယ်ဆိုတာနဲ့ ဘာပို့ပေးရမလဲမေးတော့ သူတို့က ထမင်းကျွေးပြီးပြီတဲ့။ ဆောင်ပို့ပေးရမယ်ဆိုတော့ မနက်ကျမှလာပို့တဲ့ သူအစ်လည်းငိုတယ်။ ဒီနေ့မနက်လည်းငိုတယ်။ ပြောချင်တာပေါ့နော်။ ၀န်ကြီးချုပ်အနေနဲ့ ကလေးတွေကို ဒီလောက်ထိလည်း မနှိပ်စက်သင့်ဘူး။ ၀န်ကြီးချုပ်တို့နဲ့ လက်မှတ်ထိုးထားတာရှိတယ်လေ။ သူတို့ ပြဿနာဖြစ်ပြီဆိုရင် သူတို့အိမ်မှာ မကပ်တော့ဘူးလေ။ အရင်တခေါက်ကလည်း သူတို့ဘယ်နားတည်း ဘယ်နားအိပ်လဲ မသိဘူး။ ဒါပေမယ့် အမြဲတမ်းဒီလိုပဲ စိတ်ပူနေတာပေါ့နော်။”

ကယားပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီလူငယ်တွေက မတ် ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ လူငယ် ၆ ဦးဖြစ်တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ မေလ ၁၆ ရက်နေ့က တရားစွဲဆိုထားတာပါ။

မေလ ၃၁ ရက်နေ့ညပိုင်းမှာတော့ ဒီလူငယ် ၆ ဦးကို အမှုအလိုရှိသူများအဖြစ်ကြေညာပြီး တွေ့ရှိပါက အနီးဆုံးရဲစခန်းကို အကြောင်းကြားပေးဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ ရဲဇာနည်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

လက်ရှိမှာတော့ ခူးကြူးဖဲကေးတဦးတည်းကိုသာ ဖမ်းဆီးရမိထားပြီး ကျန်လူငယ် ၅ ဦးကို ဖမ်းမိထားခြင်း မရှိသေးပါဘူး။

စွဲဆိုထားတဲ့ ပုဒ်မ ၁၀ အရ ပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံး ၆ လကနေ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရသလို ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ် ၃ သိန်းကနေ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013