DVB Logo
Home
မြန်မာသတင်း
ဒိုင်များမျက်ရည်ကျခဲ့ရသည့် ထိုင်းမယ်စကြ၀ဋ္ဌာပြိုင်ပွဲဝင်ခွင့်ရ မြန်မာနွယ်ဖွားအလှမယ်မီးမီး
DVB
·
June 3, 2019
ဒိုင်များမျက်ရည်ကျခဲ့ရသည့် ထိုင်းမယ်စကြ၀ဋ္ဌာပြိုင်ပွဲဝင်ခွင့်ရ မြန်မာနွယ်ဖွားအလှမယ်မီးမီး
1 / 5
Donate to DVB

ထိုင်းနိုင်ငံရဲ့ ၂၀၁၉ မယ်စကြ၀ဋ္ဌာ အလှမယ်ပြိုင်ပွဲ Miss Universe Thailand 2019 ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် အလှမယ် ၆၀ ဦးကို အကဲဖြတ်အဖွဲ့က ရွေးခြယ်နေပါတယ်။

အဲဒီထဲမှာ မီးမီး ခေါ် ကန်ဆူဒါချနခီရီ ဆိုတဲ့ အသက် ၂၁ နှစ်ရွယ် မြန်မာ-ထိုင်း ကပြား မိန်းကလေး ၁ ဦးလည်း ၀င်ခွင့်ရရှိသွားပါတယ်။

ဝင်ခွင့်အင်တာဗျူးမှာ သူက သူ့ဘ၀အကြောင်းကို ရိုးသားပွင့်လင်းစွာ ပြောပြခဲ့တာကြောင့် ထိုင်းဒိုင်လူကြီးတချို့ မျက်ရည်ကျလောက်တဲ့ထိ သနားချစ်ခင်မှုရရှိပြီး ၀င်ခွင့်လည်း အောင်မြင်ခဲ့ ပါတယ်။

ပြိုင်ပွဲဝင်ခွင့် အင်တာဗျူးမှာ သူဟာ ပထမဆုံးမြန်မာစကားနဲ့ နှုတ်ဆက်ပြီး မိမိဟာ မြန်မာ -ထိုင်းကပြားဖြစ်ကြောင်း၊ ချင်းမိုင်ရာ့ချဖတ်တက္ကသိုလ် ဆရာဖြစ်သင်ဌာနမှာ အနုပညာဘာသာ အဓိကနဲ့ တက်ရောက်နေတယ်လို့ ပြောပါတယ်။

သူဟာ ရွေးခြယ်ပွဲကို အုပ်ထိန်းသူမရှိ၊ စပွန်စာ(ထောက်ပံ့သူ) မရှိဘဲ မဲဆောက် ကနေ ဘတ်စ်ကားစီးပြီး နခွမ်းဆ၀မ်၊ အယုဒ္ဓယ စတဲ့မြို့တွေက ဖြတ်ကျော်လာခဲ့ကြောင်း၊ ဘန်ကောက်ရောက်တော့လည်း မျက်စိလည်လမ်းမှားပြီး ညသန်းခေါင်ကျော်မှ အိပ်ရတယ်လို့  အကဲဖြတ်တွေကို ပြောပါတယ်။

ဝင်ခွင့်လာဖြေတော့ အ၀တ်အစားကောင်းကောင်းမရှိ၊ ဖိနပ်လှလှမရှိကြောင်း၊ ဒါပေမယ့် စီနီယာတချို့က သူ့ကိုသနားပြီး ဖိနပ်တွေ အ၀တ်အစားတွေရှာပေးခဲ့ပါတယ်။ သူ့ဖာသာ ပြင်လာတဲ့ ဆံပင်ပုံစံကတော့ ရွှေတိဂုံစေတီတော်ကို ဦးထိပ်ထားတဲ့အနေနဲ့ စေတီပုံ ဆံထုံးမြင့်မြင့် ထုံးထားခဲ့ကြောင်း၊ ဒါပေမယ့် သူ့ဆံပင်ပုံကို ယခင်နှစ်က ဆုရထိုင်းအလှမယ်ကို ပြင်ဆင်ပေး ခဲ့သူက သူနဲ့လိုက်ဖက်တဲ့ ဆံပင်ကို ပြန်ပြင်ပေးခဲ့ပါတယ်။

အခုလို ဆံပင်ပုံစံပြင်ပေးတဲ့အတွက် ပိုကောင်းသွားသလို သူ့ဘ၀ကိုလည်း ပြောင်းလဲစေပြီး ဒီနေရာ ရောက်လာရတာလို့ မီးမီးက ဒိုင်တွေကို ပြောပါတယ်။

ဒိုင်လူကြီးက မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ရိုဟင်ဂျာတွေကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုအမြင်သဘောထားရှိလဲလို့ မေးရာမှာ သူမက လောကမှာ နေစရာမရှိ၊ သွားစရာမရှိတဲ့ လူမျိုးတွေက သနားစရာအကောင်းဆုံးဖြစ်ကြောင်း၊ မြန်မာအနေနဲ့ သူတို့ကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာကာ ခိုလှုံခွင့်ပေးသင့်ကြောင်း၊ ထိုင်းမှာလည်း လူလူချင်းခွဲခြားမှုမရှိတာကြောင့် သူမအနေနဲ့ ခုလိုနေ နိုင်တာလို့ ပြောသွားပါတယ်။

ဒိုင်လူကြီးက သူမကို အင်္ဂလိပ်လိုမေးရာမှာတော့ သူက အင်္ဂလိပ်လိုမတတ်ဘူးလို့ ပွင့်ပွင့် လင်းလင်းပြောပါတယ်။ ဒိုင်လူကြီးက တတ်သလောက် ၃ ခွန်းလောက်ပြောကြည့်ပါဆိုတော့ သူမက ပြောလို့မရဘဲ တောင်းပန်ကြောင်းသာ အခါအခါပြောနေပါတယ်။

ဒိုင်လူကြီးက အင်္ဂလိပ်လိုမတတ်ဘဲ မယ်စကြ၀ဠာသွားပြိုင်ရမယ်ဆို ဘယ်လိုလုပ်မလဲလို့ မေးရာမှာ သူမက အင်္ဂလိပ်စကားဟာ အရေးပါကြောင်း၊ ဒါပေမယ့် အလှမယ်ပြိုင်ရာမှာ အဓိကက လှပပြီး အတွေ့အကြုံရှိဖို့၊ သတိနဲ့ သမာဓိရှိဖို့လိုကြောင်း၊ သူ့အနေနဲ့ အင်္ဂလိပ်စကားကို ကြိုးစားလေ့ကျင့်သွားမှာဖြစ်ပြီး လုံးဝမရတဲ့အဆုံး ဘာသာပြန်အကူအညီယူမယ်လို့ ပြောသွား ပါတယ်။

အင်္ဂလိပ်လို မပြောတတ်တဲ့အတွက် သူမက ထိုင်းရိုးရာအကနဲ့ သူမရဲ့စွမ်းရည်ကို ပြသခဲ့ပါတယ်။ ကဖို့ ဖိနပ်ချွတ်ရာမှာ ဒိုင်လူကြီးက အဲဒီဖိနပ်ချွတ်ပြီးရင် ပြန်မ၀တ်နဲ့တော့၊ စပွန်ဆာက လေဒီရှူးစ်ဖိနပ်နဲ့ လဲပေးမယ်လို့ ပြောပါတယ်။

သူမဟာ မပြည့်မစုံတဲ့ကြားက ခုလိုရောက်အောင်လာရတာကတော့ ငယ်ကတည်းက မယ် ရွေးပွဲတွေကို စိတ်ဝင်စားအားကျခဲ့ကြောင်း၊ သူငယ်ချင်းတွေကတော့ သူမကို မလှဘူးလို့ ကျီစယ်သလို မိခင်ကလည်း ရမှာမဟုတ်ဘူးလို့ ပြောကြောင်း၊ ဒါပေမယ့် တနေ့က တီဗွီ ထိုင်ကြည့်နေတုန်း ၀င်ခွင့်လာပြိုင်ရမယ့်သူအမည်တွေ ကြေညာရာမှာ သူ့နာမည်ပါလာလို့  ညစာ မစားနိုင်အောင်ဝမ်းသာလုံးဆို့ခဲ့ကြောင်း၊ အစပိုင်းမှာ မပြည့်စုံမှုတွေကြောင့် လာမဖြေတော့ ဘူးလို့ ဆုံးဖြတ်ပေမယ့် အပေါင်းအသင်းတွေရဲ့ အားပေးမှုကြောင့် အရောက်လာခဲ့တာလို့ ပြော ပါတယ်။

ဒိုင်လူကြီးက သူမအား ရွေးချယ်ကြောင်း ခလုတ်နှိပ်လိုက်တဲ့အခါ မီးမီးက လွန်စွာဝမ်း သာပြီး သူ့ကိုအခွင့်အရေးပေးတဲ့ အကဲဖြတ်ကော်မတီကို ကျေးဇူးမမေ့ကြောင်း၊ အကောင်းဆုံး ဖြစ်အောင်ကြိုးစားသွားမယ့်အကြောင်း မျက်ရည်တွေကြားက ကတိပေးပြောကြားသွားပါတယ်။

ထိုင်းအလှမယ်ပွဲ ၀င်ခွင့်ရအောင်မြင်တဲ့ မီးမီးဟာ အဲဒီနေ့က Golden Tiara ဂုဏ်ပြု ဆုလက်မှတ်လည်း ရရှိခဲ့ပြီး ပြိုင်ပွဲကိုတော့   ဇွန်လ ၂၉ ရက် ကျင်းပသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013