DVB Logo
Home
မြန်မာသတင်း
ထိုင်းခရီးစဉ် အကျိုးရှိသော်လည်း စိတ်အနှောင့်အယှက်ဖြစ်ဟု ၈၈ ပြော
DVB
·
November 14, 2012
ထိုင်းခရီးစဉ် အကျိုးရှိသော်လည်း စိတ်အနှောင့်အယှက်ဖြစ်ဟု ၈၈ ပြော
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ထိုင်းခရီးစဉ်ဟာ အကျိုးအမြတ်ရသလို မျှော်မှန်းထားတာထက် အောင်မြင်တယ် ဆိုပေမယ့်လည်း ထိုင်းက ထောက်လှမ်းရေးနဲ့ စစ်တပ်ရဲ့ အလေးဂရုစိုက် စောင့်ကြည်တာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၉ ရက်ကြာ ခရီးစဉ်အတွင်းမှာ ဦးမြအေးနဲ့ အဖွဲ့ဟာ ဘန်ကောက်မြို့ကနေ ချာအမ်းမြို့က ပညာရေးဆွေးနွေးပွဲ၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်နဲ့ မဲဆောက်ကို သွားရောက်ခဲ့ပါတယ်။

[caption id="attachment_27745" align="alignright" width="300" caption="၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး"][/caption]

ဦးမြအေး ခေါင်းဆောင်တဲ့ အဖွဲ့တွေက ချင်းမိုင်မှာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ)၊ မယ်ဟောင်ဆောင်မှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ အပါအ၀င် အေဘီအက်စ်ဒီအက်ဖ်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို ပြည်ပအခြေစိုက် နိုင်ငံရေး အင်အားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ဦးမြအေးက “ယူအန်အက်ဖ်စီအပါအ၀င် ကေအန်ပီပီ၊ အေဘီအက်စ်ဒီအက်ဖ် စတဲ့ အဖွဲ့တွေရဲ့ သဘောထားတွေကို တော်တော်များများ သိရတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအပေါ် အားလုံးရဲ့ တုံ့ပြန်မှုကတော့ အလွန်ကောင်းပါတယ်။ အားလုံးကလည်း လိုလိုလားလား နှစ်သက်ကြတယ်။ ဒီလို လိုလားတယ်ဆိုတာကလည်း ကျနော်တို့နဲ့ သူတို့အဖွဲ့အစည်းတွေ အားလုံးလုပ်နေကြတာက ကွာဟချက်မှမရှိကြတာ။ တစိတ်တည်းတ၀မ်းတည်း မဟုတ်ရင်တောင် အဲလိုရှိတယ်လို့ ပြောလို့ရတယ်။ ယူအန်အက်ဖ်စီနဲ့ရော ကေအန်ပီပီနဲ့ရော နွေးထွေးတဲ့ ဆက်ဆံမှုရခဲ့ပါတယ်။ အလားတူပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းပေါင်းများစွာရဲ့ နွေးနွေးထွေးထွေး ဆက်ဆံမှုတွေရခဲ့တဲ့အပြင် နောင်လာမယ့် မျိုးဆက်သစ်တွေ၊ ပညာသွားသင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ထက်မြက်တဲ့ အတွေးအခေါ် အသိအမြင်တွေကို သိခဲ့ရတာပါ၊ အဲအတွက် ကျေနပ်ပါတယ်။”

မယ်ဟောင်ဆောင်ခရီးစဉ်ကနေ စတင်ပြီးတော့ ထိုင်းက ထောက်လှမ်းရေးနဲ့ စစ်တပ်က စောင့်ကြည့်တာကို ခံရပြီး စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့  သူက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက မြန်မာအစိုးရလုပ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ထိခိုက်လေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးနဲ့ စောင့်ကြည့်တာဖြစ်နိုင်တဲ့အကြောင်းနဲ့  ဖိအားပေးမှုတွေ ရှိနိုင်တဲ့အကြောင်း သူက ပြောပါတယ်။

“ထင်ထင်ရှားရှားကြီး မယ်ဟောင်ဆောင်မှာလည်း အိပ်တဲ့ တည်းခိုခန်းမှာ အကုန်လုံး စောင့်ကြည့်တယ်။ ထွက်သွားတဲ့အခါ နောက်က ဆိုင်ကယ်နဲ့လိုက်တယ်။ မယ်ဟောင်ဆောင်ကနေ မဲဆောက်ကိုသွားတဲ့လမ်းမှာလည်း စစ်တပ်ဂိတ် ၂ ဂိတ်ရှိတယ်လေ။ ဒါပေမယ့် ကောင်းကောင်းမွန်မွန်ပါ။ သူတို့ လုံခြုံရေးလိုက်ယူတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် စောင့်ကြည့်တာကတော့ စောင့်ကြည့်တာ ပါပဲ။”

ထိုင်း-မြန်မာနယ်စပ် မြန်မာအတိုက်အခံတွေရှိရာ မဲဆောက်မြို့ကို ရောက်တုန်းက ထိုင်းထောက်လှမ်းရေးတွေက သူတို့ကို လာရောက် တွေ့ဆုံခဲ့တဲ့အကြောင်းနဲ့ မြန်မာအဖွဲ့အစည်းတွေကို ဖိအားပေးမှာစိုးတဲ့အတွက် မတွေ့ဆုံဖြစ်တော့ဘူးလို့ သူက ပြောပါတယ်။

ဒီခရီးစဉ်မှာ ၈၈ ကျောင်းသားတွေဖြစ်တဲ့  ဦးမြအေး၊ ဦးထွန်းမြင့်အောင်၊ ဦးစိုးထွန်း၊ ဦးပြုံးချို၊ ဦးအံ့ဘွယ်ကျော်၊ ဒေါ်မီမီလွင်၊ ဒေါ်စန်းစန်းမော်၊ ဒေါ်ရင်ရင်ဝိုင်းနဲ့ ဒေါ်မီးမီးတို့ ပါဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013