
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်မှာ ဖုန်းအားသွင်းနေစဉ် အပူလွန်ကဲ ဖုန်းပေါက်ကွဲပြီး မီးလောင်ကျွမ်းတဲ့အတွက် အသက် ၁၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မေလ ၃၁ ရက်နေ့ ည ၁၀ နာရီခွဲက မနန်းခမ်းပျှဉ်းဟာ အိပ်ခန်းအတွင်းမှာ ဆိုလာပြားနဲ့ ချိတ်ဆက်ထားတဲ့ ဘက်ထရီအိုးနဲ့ ဖုန်းအားသွင်းနေစဉ် အပူလွန်ကဲကာ ဖုန်းပေါက်ကွဲပြီး ထိခိုက်ကာ သတိလစ်နေစဉ် အိပ်ယာခင်းမှတဆင့် ခန္ဓာကိုယ် မီးစွဲလောင်ကာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တာပါ။
ပေါက်ကွဲသံကြားပြီး မီးလောင်ကျွမ်းတာကို ဘေးချင်းကပ်အခန်းနေ မောင်ဖြစ်သူ စိုင်းဆဲက တွေ့ရှိကာ အစ်မဖြစ်သူ မနန်းခမ်းလှကို သွားနှိုးခဲ့ပြီးနောက် အော်ဟစ်အကူအညီ တောင်းခံတဲ့အတွက် အိမ်နီးနားချင်းတွေ ရောက်ရှိလာပြီး ငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီလောက်မှာ မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ဟိုပုံးမြို့မရဲစခန်း (ပ)၄၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅/၃၀၄-က (မီးလောင်မှု၊ ပေါ့လျော့မှုကြောင့် လူသေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။











