
မကွေးတိုင်း၊ ဆောမြို့ ကျောက်ထု၊ ဆောကားလမ်းပိုင်း၊ ကျောက်ထုသစ်တောနယ် ချောင်းခွစခန်းဟောင်းအနီး ချောင်းရိုးခြုံထဲမှာ ဇွန်လ ၁ ရက်မနက်က မိုးကာအုပ်ထားတဲ့ ၁၀ ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်သစ်ခွဲသား ၁၀ တန်ကျော် သိမ်းဆည်းမိခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောပါတယ်။
“ဒေသခံတဦး သတင်းပေးပို့ချက်အရ သစ်တောဦးစီးထံ ပြန်လည်သတင်းပေးပို့ပြီး သစ်တောဦးစီးဌာနမှ သွားရောက် စစ်ဆေးဆောင်ရွက်ရာမှာ ကားသော့တန်းလန်းနဲ့ လူမတွေ့ရှိဘူး။”
ဆောမြို့သစ်တောဦးစီးမှူး ဦးမောင်ငယ်က ''လက်ရှိ ကျနော်တို့က တရားခံဖော်ထုတ်ဖို့ အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်သွားမှာ။ ယာဉ်နဲ့ ပတ်သက်ပြီးတော့ တရားဝင်လိုင်စင် ရှိ၊ မရှိ သက်ဆိုင်ရာ ကညနကို ဆက်သွယ်ဆောင်ရွက်သွားမှာ"လို့ ပြောပါတယ်။
အဆိုပါ နီဆန်၊ အဖြူရောင် ၁၀ ဘီးယာဉ်ကားပေါ်မှ ပိတောက်ခွဲသား ၁၀၇ ချောင်း၊ သစ်တန် ၁၀ ဒသမ ၈၂၆ တန်ကို တွေ့ရှိပြီး ပိုင်ရှင်မဲ့ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)၊ ဓာတ်ပုံ - သစ်တောဦးစီး











