
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားလမ်းဆုံမှာ မူးယစ်ဆေးဝါးတွေ မကြာခဏဖမ်းမိနေပြီး ၂၀၁၈ နှစ်စကနေ ၂၀၁၉ မေလအထိ ကျပ်သိန်းပေါင်း ၄ သောင်းကျော်ဖိုး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တရားမဝင် ကုန်ပစ္စည်းတွေ စစ်ဆေးနိုင်ဖို့ နဘားလမ်းဆုံ စုပေါင်း စစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ပြောပါတယ်။
“စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွန့်ကြားချက်အရ ဌာနဆိုင်ရာစုပေါင်း စစ်ဆေးရေးဂိတ်ဖွင့်ထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ တရားမဝင်ကုန်ပစ္စည်းတွေ သွားလာမှု တားဆီးစစ်ဆေးနိုင်ဖို့အတွက် ဂိတ်ကို ဖွင့်လှစ်ခဲ့တာ။”
နဘားကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီဝင်းကတော့ မူးယစ်ဆေးတွေ ဖမ်းဆီးမိဖို့ ရဲတပ်ဖွဲ့နဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ လားရှိုးမှ မိုင်ပေါင်း လေးငါးရှစ်ရာ ကို လာပြီး ဒီမှာမှ လာအဖမ်းခံရတယ်ဆိုတာကိုလည်း ဗျူဟာတခုချမှတ်သင့်တယ်။ ကားဖရိန်ကားကြမ်းခင်းကို နှစ်ထပ်လုပ်ပြီး ပီပီပြင်ပြင်သယ်ဆောင်တဲ့ အပေါ်မှာ နှစ်ကြိမ်မြောက် ဖမ်းမိတယ်။ တကယ်တမ်း ပိတ်ဆို့တားဆီးမယ်ဆို ဒီအထိ ရောက်လာ စရာအကြောင်း မရှိဘူး၊ မူးယစ်သမားတွေကလည်း စားဝတ်နေရေးအတွက် ဈေးကောင်းရမယ့် ဖားကန့်ကျောက်စိမ်းမှော်ကို နည်းအမျိုးမျိုးနဲ့ သယ်ဆောင်လာတဲ့အပေါ် ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ အားလုံးပူးပေါင်းပြီး အောင်အောင်မြင်မြင် ဆောင်ရွက်သင့်သလောက် ဆောင်ရွက်နေကြပါတယ်။ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုကတော့ လိုအပ်ဆဲပဲလို့ ပြောပါတယ်။
နဘားလမ်းဆုံမှာ ၂၀၁၈ ခုနှစ်က ဘိန်းဖြူ ၁၈၅၆၁ ဒသမ ၃ ဂရမ်၊ ဆေးပြား သိန်း ၂၉၄၅၀၀၊ ဘိန်းစိမ်း ၆ ဒသမ ၅၅ ကီလို၊ ဘိန်းဆီခဲ ၄၄ ကီလို၊ ခပ်ပုံ ၂ ဒသမ ၅ ဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါးကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃ သောင်းကျော်၊ အမှုပေါင်း ၂၂ မှု၊ တရားခံ ၄၀၊ ကား ၅ စီး၊ ဆိုင်ကယ်အစီး ၂၀၊ ငွေ ၂၉ သိန်း ၅ သောင်း ကျပ်တို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အထူးမူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ဒုရဲမှူး မျိုးမင်းက ပြောပါတယ်။
၂၀၁၉ ခုနှစ် မေလအထိ ဘိန်းဖြူ ၁၂၉၀ ဒသမ ၃၆ ဂရမ်၊ ဆေးပြား ၅၇၉၅၀၊ ဘိန်းဆီခဲ ၁၉ ဒသမ ၅ ကီလို စုစုပေါင်း မူးယစ်ဆေးဝါး ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်း ၃ ထောင်ကျော်၊ ငွေ ၃ သိန်း၊ အမှုပေါင်း ၇ မှု၊ တရားခံ ၁၅ ဦး၊ ကား ၆ စီး၊ ဆိုင်ကယ် ၄ စီး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
နဘားလမ်းဆုံစုပေါင်း စစ်ဆေးရေးဂိတ်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၉ ခု ဧပြီလ ၁၉ ရက် ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးတို့ ပါဝင်တဲ့ စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကိုကိုလင်း(အင်းတော်)











