DVB Logo
Home
မြန်မာသတင်း
အင်းလေးကန် အခြေအနေ ဆိုးဝါးလာ
DVB
·
November 13, 2012
အင်းလေးကန် အခြေအနေ ဆိုးဝါးလာ
Donate to DVB

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး အင်းလေကန်ရဲ့ သဘာဝပတ်ဝန်းကျင် အနေအထားဟာ တနေ့တခြား ပိုဆိုးဝါးလာတယ်လို့ အင်းလေး အထူးဒေသ ဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ကိုရေအေးက ပြောပါတယ်။

ပတ်ဝန်းကျင်ဒေသက အနယ်အနှစ်တွေ ပိုချတာတွေ များပြားလာတဲ့အပြင် တခြားသော ဆိုးကျိုး သက်ရောက်မှုတွေကြောင့် အင်းလေးကန် အခြေအနေဟာ အတော်ဆိုးဝါးနေတယ်လို့ ပြောပါတယ်။

အင်းလေးကန်ထဲကို စီးဝင်တဲ့ချောင်းတွေ မြစ်ဖျားခံတဲ့ ဒေသတွေမှာ သစ်တော ပြုန်းတီးတာတွေကြောင့် နုန်းပို့ချတာတွေ များလာပြီးတော့ အင်းလေးကန်က တိမ်လာတယ်လို့ သူကပြောပါတယ်။

အင်းလေးဒေသမှာ သစ်တောတွေကို ခုတ်ယူရာကနေ သစ်တောပြုန်းတီးတာကလည်း ဒီလိုဖြစ်ပွားစေတဲ့ အချက်တခု ဖြစ်တယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဓာတု ဆေးပစ္စည်းတွေကလည်း အင်းလေးကန်ရဲ့ အခြေအနေကို ဆိုးဝါးစေတယ်လို့ ကိုရေအေးက ပြောပါတယ်။

“အင်းသားတွေက စိုက်ပျိုးရေးကို အဓိကထားတယ်၊ ရေခြံလုပ်ငန်းမှာ ဘာသုံးလဲဆိုတော့ ဓာတုပစ္စည်းတွေ လိုတာထက် သုံးကြတော့ အင်းလေးကန်ရေက ညစ်ညမ်းတာပေါ့။ စိုက်ပျိုးရေးကဏ္ဍကနေ ထိခိုက်တယ်။ အင်းလေးကန်ဒေသမှာ လျှပ်စစ်မီးမရဘူး။ အဲတော့ သစ်တောသစ်ပင်တွေခုတ်ပြီး မီးသွေးမီးဖိုအဖြစ် သုံးရတယ်။ အဲတော့ သစ်ပင်တွေပြောင်တယ်၊ မြေဆီလွှာထိန်းသိမ်းမှုမရှိတော့ နုန်းပို့ချမှုတွေများလာတယ်။ တချက်တည်းကြောင့် မဟုတ်ဘဲ အချက် အချက်တွေရှိတာပေါ့။ ဒါတွေပေါင်းဆုံပြီး အင်းလေးကန်ဟာ အသက်ငင်နေတဲ့ လူနာတယောက်လိုဖြစ်နေတယ်။”

ဓာတုပစ္စည်းတွေ အသုံးပြုတာတွေကြောင့်လည်း အယ်လကာလီပါဝင်မှုကို ဖော်ပြတဲ့ အတိုင်းအတာ ပီအိပ်ခ်ျ level က ပိုမိုမြင့်တက်လာပြီးတော့ ရေကို သောက်သုံးမရတော့သလို ဒေသခံတွေမှာ လည်ပင်းကြီးရောဂါတွေ ဖြစ်ပွားတာတွေ တိုးလာတယ်လို့ ဆိုပါတယ်။

၁၉၉၆ ခုနှစ်ကနေ စတင်ပြီးတော့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အန်ဂျီအိုတွေက အင်းလေးကန် ထိန်းသိမ်းဖို့အတွက် ဒေါ်လာ ၂၆ သန်း အသုံးပြုခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
တန်ဆောင်မုန်း လဆန်း ၁ ရက်နေ့ကို အင်းအမျိုးသားနေ့အဖြစ် တနေ့မှာ သတ်မှတ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ အင်းသားများဆုံဆည်းရာနေ့ အခမ်းအနားကို ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၄ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013