DVB Logo
Home
မြန်မာသတင်း
နေပြည်တော်အနီးတွင် ငလျင်ထပ်လှုပ်
DVB
·
November 13, 2012
နေပြည်တော်အနီးတွင် ငလျင်ထပ်လှုပ်
Donate to DVB

ဒီနေ့ နေပြည်တော်အနီးမှာ ငလျင်တခုလှုပ်ခတ်တယ်လို့ မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပြီး အပျက်အစီးသတင်းကိုတော့ မဖော်ပြပါဘူး။

ရုပ်မြင်သံကြား သတင်းအဆိုရ ဒီမနက် ၈:၂၃ နာရီမှာ ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိတဲ့ ငလျင်တခု နေပြည်တော်တောင်ဘက် ၃၅ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလှုပ်ခတ်မှုဟာ တပတ်အတွင်း အင်အား ၅ အဆင့်ထက် ပိုမိုတဲ့ငလျင်တွေအပြီး နောက်ဆက်တွဲ လှုပ်ခတ်မှု ဖြစ်ပါတယ်။

နေပြည်တော်အနီး ပျဉ်းမနားဒေသခံ တဦးက နိုဝင်ဘာ ၁၁ ရက်နေ့လှုပ်တုန်းက နည်းနည်း ငလျင်အဖျားခတ်လို့ သတိထားမိပေမယ့် ဒီနေ့ လှုပ်တဲ့ငလျင်ကိုတော့ မသိဘူးလို့ ပြောပါတယ်။

လွန်ခဲ့တဲ့ခြောက်နှစ်ခန့်ကတည်းက နေပြည်တော်နဲ့ ပျဉ်းမနားတ၀ိုက်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောမှာ ပါတဲ့အတွက် ငလျင်နဲ့ပတ်သက်လို့ သတိပေးမှုတွေ ရှိခဲ့ပေမယ့် ဒေသခံတွေက မေ့မေ့ပျောက်ပျောက် သဘောထားကြတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့ ထုတ်ဖော်ပြောဆိုချက်အရ နိုဝင်ဘာ ၁၁ ရက်နေ့မှာ လှုပ်ခတ်တဲ့ ပြင်းအား ၆ ဒဿမ ၈ ငလျင်ကြောင့် ၂၆ ဦး သေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရခဲ့သလို ရာနဲ့ချီတဲ့ အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကနဦးပိုင်း ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာတွေကို ကိုးကားဖော်ပြချက်တွေအရ ၁၁ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်ဆောင်နေတဲ့ Save the Children အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာက ဒီငလျင်ဟာ ပထမနေ့က မျှော်လင့်ထားသလောက် ထိခိုက်ပျက်စီးမှုများမယ့် ကပ်ဘေးတခုမဟုတ်ခဲ့ဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အရှေ့တောင်အာရှဒေသဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ပြောခွင့်ရသူ ကက်သရင်း ရောက်စ်က “ပြည်ပကနေ အထောက်အပံ့ ဒါမှမဟုတ် ရန်ပုံငွေမလိုအပ်ဘူးလို့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့က တွက်ချက်ထားတယ်။ အခြေအနေကို ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် ဆက်လက် အကဲဖြတ်ကြရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ရုံးချုပ်ကို ဆက်သွယ်မေးမြန်းဖို့ ဖုန်းခေါ်ရာမှာ ဒီကနေ့ ရုံးပိတ်ရက်ဖြစ်လို့ တာဝန်ရှိသူတွေနဲ့ စကားပြောခွင့်မရခဲ့ပါဘူး။

၂၀၁၁ ခုနှစ်မှာ စတင်အုပ်ချုပ်တဲ့ အစိုးရဟာ အရင်တပ်မတော်အစိုးရ လက်ထက်ကလိုမဟုတ်ဘဲ ငလျင်ဘေးသင့်ပြည်သူတွေထံကို နိုင်ငံတကာအလှူရှင်တွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်တွေကို သွားရောက်ကူညီခွင့်ပြုပါတယ်။

တပ်မတော်အစိုးရလက်ထက်က လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းတုန်းကတော့ အစိုးရက နိုင်ငံတကာအလှူရှင်တွေကို ၀င်ရောက်ခွင့်မပေးဘဲ ကန့်သတ်ခဲ့ပါတယ်။
သမ္မတရုံးဝက်ဘ်ဆိုက်ကလည်း ငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကို ဖော်ပြနေသလို ဒုတိယသမ္မတ စိုင်းမောက်ခမ်းဦးဆောင်တဲ့ အဖွဲ့ကလည်း  ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013