DVB Logo
Home
Lead Story
အများပြည်သူအကြား ဆေးလိပ်သောက်သူကို ထိရောက်စွာအပြစ်ပေးပါ (အယ်ဒီတာအာဘော်)
DVB
·
May 31, 2019
အများပြည်သူအကြား ဆေးလိပ်သောက်သူကို ထိရောက်စွာအပြစ်ပေးပါ (အယ်ဒီတာအာဘော်)
Donate to DVB

ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ် လူ ၇ သန်း၊ မြန်မာနိုင်ငံတွင် ၇ သောင်း သေဆုံးနေရသည်ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ဒီဗွီဘီနှင့် သီးခြား တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

မေ ၃၁ ရက်သည် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်မှာ “အဆုတ်ကျန်းမာအောင် ဆေးလိပ်နှင့် ကွမ်းယာရှောင်" ဖြစ်သည်။

၁၉၈၈ ခုနှစ်ကစပြီး ကုလသမဂ္ဂက ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကို မေ ၃၁ ရက်အဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်လိုလို ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ပုံမှန်ကျင်းပလေ့ရှိသည်။

ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားများတွင် ဆေးလိပ်နှင့်ကွမ်းယာ ရှောင်ကြဉ်ကြရန် တာဝန်ရှိသူတို့က တိုက်တွန်းနှိုးဆော်လေ့ရှိသော်ငြား ဆေးလိပ်နှင့်ကွမ်းယာ သုံးစွဲမှုနှုန်းက မြင့်တက်လျက်ပင် ရှိနေသည်။

အသက် ၂၅ နှစ်အထက် အမျိုးသားတိုင်း၏ ၆၀ ရာခိုင်နှုန်းသည် ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲနေကြပြီး မြန်မာအမျိုးသမီးထု၏ ၂၅ ရာခိုင်နှုန်းကလည်း ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲနေသည်။

ပြည်သူလူထုအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သေဆုံးရသည်ဟု မယူဆကြဘဲ နှလုံးရောဂါကြောင့် သေသည်၊ အဆုတ်ရောဂါကြောင့် သေသည်ဟုပင် မှတ်ယူနေကြသည်။

သို့ကြောင့်ပင် ကျန်းမာရေးဖောင်ဒေးရှင်းများအနေဖြင့် ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကင်ဆာလိုရောဂါများ ဖြစ်ပွားပြီး သေဆုံးတတ်ကြောင်း လူထုကို ပညာပေးနေရသည်။

ဆေးလိပ် ဆေးရွက်ကြီးကြောင့် ဖြစ်ပွားသည့် ရောဂါများတွင် အဆုတ်ကင်ဆာရောဂါသည် အဖြစ်အများဆုံးဖြစ်ပြီး ဆေးလိပ်ကြောင့် အဆုတ်ရောဂါ အမျိုးမျိုးလည်း ဖြစ်ပွားသည်ဟု ဆေးပညာရှင်များက ထောက်ပြနေသည်။

ဆေးလိပ် ဆေးရွက်ကြီး မသုံးစွဲပါဘဲ တဆင့်ခံ ဆေးလိပ်မီးခိုးငွေ့ကြောင့် အမျိုးသမီးနှင့် ကလေးငယ်များတွင် အဆုတ်ရောဂါ ဖြစ်ပွားနေခြင်းမျိုးလည်း ရှိသည်။

အများပြည်သူသွားလာသည့် လမ်းများ၊ ကျောင်းများ၊ ရုပ်ရှင်ရုံများတွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ စစ်ဆေးအရေးယူရန် အစိုးရတွင် တာဝန်ရှိသည်။

ယနေ့အချိန်ထိ အများပြည်သူကြား ဆေးလိပ်နှင့် ကွမ်းစားသူများကို စောင့်ကြည့်အရေးယူသည်ဟု တကြိမ်တခါမှ မကြားမတွေ့ရခြင်းသည် အစိုးရ၏ ပေါ့လျော့မှုဟု ဆိုရမည်။

လက်ရှိအစိုးရလက်ထက် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်ဒေသတချို့တွင် ဆေးလိပ်ကင်းစင်နယ်မြေများ သတ်မှတ်၍ လုပ်ဆောင်နေသည်ကို မြင်တွေ့နေပြီး အခြေခံပညာ စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင်လည်း ဆေးလိပ်ကင်းစင်နယ်မြေများ သတ်မှတ်လုပ်ဆောင်ဖို့ ရှိနေသည်မှာ ကြိုဆိုရမည့်ကိစ္စ ဖြစ်သည်။

သို့သော် ကလေးသူငယ်များ အပါအဝင် အများပြည်သူများ အပန်းဖြေရာ ရန်ကုန်မြို့လယ်ခေါင် မဟာဗန္ဓုလပန်းခြံကဲ့သို့ နေရာမျိုးတွင် ဆေးလိပ်မသောက်ရ ကင်းစင်နယ်မြေဟု ဆိုင်းဘုတ်ကြီး ထောင်ထားသော်လည်း ဆိုင်းဘုတ်အောက်မှာပင် မြန်မာတို့ ပျော်ပျော်ကြီး ဆေးလိပ်သောက်နေကြသည်ကို မြင်တွေ့ရသည်မှာ စိတ်ပျက်စရာ ကောင်းလှသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဆေးလိပ်မသောက်ရဟု သတ်မှတ်ထားသည့်နေရာတွင် ဆေးလိပ်သောက်မိပါက စောင့်ကြည့်နေသည့် ထိုင်းရဲက ချက်ချင်းဖမ်းပြီး ဒဏ်ငွေ ဘတ် ၂၀၀၀ ပေးဆောင်စေသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု၏ ဆိုးကျိုးများကို ကလေးသူငယ်များအား ငယ်စဉ်ကပင် သင်ယူစေခဲ့ပြီး ထိုင်းလူ့အဖွဲ့အစည်းတွင် ဆေးလိပ်သောက်သုံးမှု လျော့ကျအောင် လုပ်ဆောင်သည်။

မြန်မာနိုင်ငံတွင်မူ အထက်တန်း ကျောင်းသားဘဝလောက်ကပင် အတုမြင် အတတ်သင်ပြီး ဆေးလိပ် စသောက်ကြသည်။ ကွမ်းစမ်းဝါးကြသည်။

ကလေးသူငယ်များက အစပြု၍ ဆေးလိပ်ပညာပေး လုပ်ငန်းများကို ဇောက်ချလုပ်ရန် လိုအပ်ပြီး အများပြည်သူ သွားလာရာနေရာများတွင် ဆေး၊ ကွမ်း သုံးစွဲသူများကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူရမည်ဖြစ်သည်။

မေ ၃၁ ရက် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အချိန်ရောက်မှသာ ဆေးလိပ် ဆေးရွက်ကြီး မသုံးစွဲရန် တနှစ်တခါ ပညာပေးရုံဖြင့် မလုံလောက်တော့ဟု ဆိုလိုခြင်းဖြစ်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013