DVB Logo
Home
မြန်မာသတင်း
ဓားထိုးခံရသည့် မစ္စတာ ဆာတိုရှိ အိုးယာမအတွက် ဝမ်းနည်းကြောင်း မြန်မာသံရုံးထုတ်ပြန်
DVB
·
May 30, 2019
ဓားထိုးခံရသည့် မစ္စတာ ဆာတိုရှိ အိုးယာမအတွက် ဝမ်းနည်းကြောင်း မြန်မာသံရုံးထုတ်ပြန်
Donate to DVB

ဂျပန်နိုင်ငံ၊ တိုကျိုမြို့စွန်မှာ လူတဦးက ကျောင်းသား ကလေးတွေကို ဓားနဲ့ တိုက်ခိုက်ခဲ့တဲ့  ဖြစ်စဉ်အတွင်း ဓားထိုးခံရပြီး ကွယ်လွန်သွားခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ မစ္စတာ ဆာတိုရှိအိုးယာမအတွက်ဝမ်းနည်းကြေကွဲတဲ့အကြောင်း မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်က ထုတ်ပြန်ပါတယ်။

မစ္စတာ ဆာတိုရှိ အိုးယာမ ကွယ်လွန်သွားတာဟာ  မိသားစုနဲ့ ဂျပန် ပြည်သူတွေအတွက် သာမက၊ မြန်မာသံရုံး၊ တိုကျိုနဲ့ မြန်မာပြည်သူတွေအတွက် ဆုံးရှုံးမှုကြီး တရပ်ဖြစ်တယ်၊  မြန်မာသံရုံးနဲ့ မြန်မာသံအမတ်ကြီးအနေနဲ့ မစ္စတာ ဆာတိုရှိအိုးယာမရဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲ ရတယ်လို့ဆိုပါတယ်။

မစ္စတာ ဆာတိုရှိ အိုးယာမဟာ မြန်မာ - ဂျပန် ချစ်ကြည် ရင်းနှီးမှုနဲ့ နှစ်နိုင်ငံ အကျိုးအတွက် အထူးအလေးထား ဖော်ဆောင်ပေးခဲ့သူဖြစ်သလို မြန်မာနိုင်ငံနဲ့ လူမျိုးအပေါ် သံယောဇဉ် ကြီးမားသူ၊ နှစ်နိုင်ငံယဉ်ကျေးမှုနဲ့ ပြည်သူတွေအကြား ဆက်ဆံရေးကို မြှင့်တင်ပေးခဲ့သူ သံတမန်ကောင်းဖြစ်လို့ အမြဲအောက်မေ့ သတိရနေမယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

မစ္စတာ ဆာတိုရှိ အိုးယာမဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့ ဆက်ဆံရေးနှင့် သံတမန်ရေးရာမဟာဗျူဟာဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူး တာဝန်ယူထားသူဖြစ်ပြီး မြန်မာနိုင်ငံရှိ ဂျပန်နိုင်ငံသံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာစကား ကျွမ်းကျင်တဲ့ သံတမန်တဦး ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ် ဧပြီလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်စဉ် စကားပြန်တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ရက် မနက်က   တိုကျိုမြို့စွန် ကာဝါဆာကီမြို့နယ်၊ နိုဘိုရီတိုးမြို့အနီးမှာ ဘတ်စ်ကားစောင့်နေတဲ့ မူလတန်းကျောင်းသားတွေကို ဓားကိုင်ဆောင်ထားတဲ့ အမျိုးသားတဦးက အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါပါတယ်။

အဆိုပါအကြမ်းဖက်မှုမှာ မစ္စတာ ဆာတိုရှိအိုးယာမနဲ့   အသက် ၁၁ နှစ်ရွယ် မူလတန်းကျောင်းသူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁၇ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ကလေးငယ်တွေကို ဓားနဲ့အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အသက် ၅၀ ကျော် အရွယ်အမျိုးသားဟာလည်း အဖမ်းခံရချိန်မှာ နေရာမှာတင် သူ့လည်ပင်းကိုသူ ဓားနဲ့ ပြန်ထိုးခဲ့ပြီးနောက် ဆေးရုံအရောက်မှာ သေဆုံးသွားပါတယ်။

ဓာတ်ပုံ-Mainichi

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013