
၂၀၁၉ ဇန်နဝါရီလတုန်းက ပိုလန်က စတက်တင် (Stettin) ဆိုတဲ့မြို့မှာ ဟွာဝေးကုမ္ပဏီရဲ့ တရုတ်ဝန်ထမ်းတဦးကို ပိုလန်အာဏာပိုင်တွေက စပိုင်လုပ်တယ်ဆိုပြီး ဖမ်းလိုက်တယ်။ ပြီးတော့ ပိုလန်ကသွားမယ့် 5G ပဉ္စမမျိုးဆက် မိုဘိုင်းဆက်လိုင်းထဲမှာဟွာဝေးကို ဖယ်ထုတ်လိုက်တယ်။
ဒါဟာ အမေရိကန်ဦးဆောင်တဲ့ တရုတ်အကျိုးစီးပွားကို ဟန့်တားတဲ့ အစီအစဉ်ထဲကို ဝင်လိုက်တာပဲလို့ တရုတ်က ဝေဖန်လိုက်တယ်။ စတက်တင်ဆိုတဲ့မြို့ဟာ သမိုင်းလေ့လာတဲ့သူတွေ အတွက်တော့ ချာချီရဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလ သံကန့်လန့်ကာမိန့်ခွန်း (iron curtain speech) ကို အမှတ်ရစေပါလိမ့်မယ်။
မြေပုံကို တချက်ကြည့်စေချင်တယ်။ ပိုလန်မြောက်ဘက်ဟာ ဘောလ်တစ်ပင်လယ်ပါ။ စတက်တင်မြို့က ဆိပ်ကမ်းမြို့။ အဲသည် စတက်တင်ကနေ အီတလီမြောက်ပိုင်းစွန်းက ထရစ်စတီးမြို့ (Trieste) အထိကို မျဉ်းဆွဲရင် ပိုလန်၊ အရှေ့ဘာလင်၊ ချက်၊ သြစတြီးယား၊ ဟန်ဂေရီ၊ ယူဂိုနဲ့ ရိုမေးရီးယားတို့ကို ဖြတ်တယ်။
ဒါ ဝက်မင်စတာတက္ကသိုလ် (အမေရိကန် မစ်ဇူရီပြည်နယ်က) က ၁၉၄၆ မှာ ဝင်စတန်ချာချီကို ပင့်ဖိတ်ပြီး ပို့ချချက် (လက်ချာ) ပေးခိုင်းတုန်းက ချာချီတင်စားပြောတဲ့ သံကန့်လန့်ကာပါ။ ဆီုဗီယက်နဲ့ အမေရိကန်ရဲ့ စစ်အေးအစမှာ ဆိုဗီယက် ခြေကုပ်ယူထားတဲ့ အရှေ့ဥရောပနိုင်ငံတွေကို ရည်ညွှန်းတာဖြစ်တယ်။
စတက်တင်ဟာ သံကန့်လန့်ကာကာရဲ့ မြောက်ဘက်စွန်းဖြစ်ပြီး တောင်ဘက်စွန်းက ထရစ်စတီးပါ။ (မှတ်ချက်။ ထရစ်စတီးဟာ ခု အီတလီမြောက်ပိုင်းမှာ ရှိပေမယ့် ဒုတိယကမ္ဘာစစ်ပြီးမှာ ကုလသမဂ္ဂက ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပြီး မာရှယ်တီးတိုး လက်ထက်က ယူဂိုစလားဗီးယားက ဝင်သိမ်းထားတဲ့မြို့ ဖြစ်တယ်။ ဒါကြောင့်မို့ ချာချီပြောတဲ့အချိန်က အရှေ့ဥရောပထဲမှာ ပါနေတယ်)။
မြေထဲပင်လယ်နဲ့ တဆက်တည်းဖြစ်ပြီး အာဒရစ်တစ်ပင်လယ် (Adriatic sea) ကို မျက်နှာမူထားတဲ့ အီတလီရဲ့ ထရစ်စတီးဆိပ်ကမ်းကို တရုတ်က နဂါးပတ် ရေကြောင်းပိုးလမ်းမ (BRI) ရဲ့ အစိတ်အပိုင်းတခုအဖြစ် ချဲ့ထွင်ဖို့ ကြိုးစားနေပါပြီ။ အာဒရစ်တစ်ပင်လယ်အတိုင်း တောင်ဘက်ကို ဆက်လွှင့်လာရင် မြေထဲပင်လယ်ထဲကို အဝင်မှာ ဂရိရဲ့ ပိုင်းရားရူစ် (Piaeus) ဆိပ်ကမ်းရှိတယ်။ ပလေတို၊ ဆိုကရေးတီးစ်နဲ့ အရစ္စတိုတယ်တို့ စခဲ့တဲ့ အနောက်တိုင်း ဖလော်ဆော်ဖီမြစ်ဖျားခံရာ ဂရိရဲ့ အေသင်မြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပိုင်းရားရူစ်ဆိပ်ကမ်းကို လက်ရှိစီမံခန့်ခွဲနေတဲ့ ကုမ္ပဏီက တရုတ်အစိုးရပိုင် ကုမ္ပဏီဖြစ်တဲ့ ကော့စကို (Cosco – China Ocean Shipping Company) ဖြစ်တယ်။
ဥရောပယူနီယံရဲ့ ကြွေးမြီအထူထပ်ဆုံး နိုင်ငံသားတွေဖြစ်တဲ့ ပလေတိုရဲ့ သားမြေးတွေဟာ ဂရိရဲ့ အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်း ပိုင်းရားရူစ်မှာ ကွန်ဖြူးရှပ်ရဲ့ အဆုံးမရှိတဲ့ ခေါက်ဆွဲဝါဝါကို တူနဲ့ ဘယ်လိုစားသောက်ရမလဲ သင်ယူတတ်မြောက်ပြီး ဖြစ်နေပုံရပါတယ်။ ဂရိကနေ အီတလီကို တရုတ်ချဲ့ထွင်ဖို့ ကြိုးစားတာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ အီတလီဟာ လက်ရှိ ယူရိုဇုန်မှာ ငွေကြေးအကျပ်တည်းဆုံး နိုင်ငံတွေထဲက တခုဖြစ်နေတယ်။ အလယ်အာရှနဲ့ အရှေ့ဥရောပ ဖြစ်တဲ့ ဆိုဗီယက်ရဲ့ စစ်အေးခေတ် အခိုင်အမာ အခြေစိုက်စခန်းတွေမှာ အထိုင်ချရင်း၊ တရုတ်ဟာ အီတလီစီးရီးအေကို အိမ်ကွင်းထဲ ထည့်သွင်းဖို့ ကြိုးစားလာတဲ့သဘောပါ။
မတ်လ ၂၁ ရက်နေ့က အီတလီ၊ ပြင်သစ်နဲ့ မိုနာကို ဥရောပသုံးနိုင်ငံကို ရှီကျင့်ဖျင်က ၆ ရက်ကြာ ခရီးထွက်ခဲ့တယ်။ ဒီမှာ ရှီ အဓိကထားတဲ့ ပစ်မှတ်က ပြင်သစ်ဖြစ်ပုံရတယ်။ ပြင်သစ်ဆိုတာ အီတလီလို ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်တော့ မဟုတ်ဘူး။ သူက အီးယူမှာ ဂျာမနီပြီးရင် ဒုတိယအကြွယ်ဝဆုံးနဲ့ ပါဝါအကြီးဆုံး ဖြစ်တယ်။
ပြင်သစ်တောင်ပိုင်းက တူးလူ့စ်မြို့မှာ ရုံးချုပ်ရှိတဲ့ ဥရောပရဲ့ Air Bus ကုမ္ပဏီကနေ တရုတ်က အဲယားဘတ်စ် အစီး ၃၀၀ မှာလိုက်တယ်။ ရှီ ချခင်းလိုက်တဲ့ အဲယားဘတ်စ်ဖဲကို ပြင်သစ်သမ္မတ မက်ခရွန်က ကောက်စားလိုက်တဲ့ တပြိုင်နက်တည်းမှာပဲ ပါရီမှာလုပ်တဲ့ ညစာစားပွဲကို ဥရောပ အထင်ကရခေါင်းဆောင် ၂ ဦးကို ဖိတ်ခဲ့တယ်။
ဂျာမန်ချန်ဆယ်လာ အင်ဂျယ်လာမာကယ်လ် (Angela Markel) နဲ့ အီးယူကော်မရှင် အကြီးအကဲ (EU commission chief) ယန်းကလော့ဂျန်ကာ (Jean-Claude Juncker) တို့ပါ။ ဒီတော့ နိုင်ငံရေးအကဲဖြတ်တွေ အနေနဲ့ ဒီတွေ့ဆုံပွဲဟာ နောက်လမှာလုပ်မယ့် အီးယူ-တရုတ် ထိပ်သီးဆွေးနွေးပွဲ အကြိုတွေ့ဆုံမှုအဖြစ် ရှုမြင်ကြတယ်။ အမေရိကန်ပထမ (American First) ပေါ်လစီကို ကြွေးကြော်ပြီး ဥရောပ ခေါင်းဆောင်တွေကို မထင်ရင် မထင်သလို ခြိမ်းခြောက်လေ့ရှိတဲ့ ထရမ့်ကို မယုံကြည်ရမှုဟာ မာကယ်လ်၊ မာခရွန် အီးယူတိုက်စစ်အတွဲကို တရုတ်နဲ့ တက်သာဆုတ်သာဖြစ်အောင် ထိန်းညှိပေးထားဖို့ တွန်းအားပေးသလို ဖြစ်ခဲ့ရတယ်။
မက်ခရွန်နဲ့ မာကယ်လ်ပြောတဲ့ စကားတွေဖြစ်တဲ့ “ဥရောပရဲ့ အတွေ့အကြုံနုနယ်တဲ့ ကာလဟာ ကုန်ဆုံးသွားပါပြီ” “တရုတ်ဟာ စနစ်တကျ ဆက်ဆံရမယ့် ပြိုင်ဘက်ဖြစ်တယ်” “တရုတ်ဟာ တဖက်မှာ ကုန်သွယ်ဘက် ဖြစ်ပေမယ့် တဖက်မှာ မတူညီတဲ့ နိုင်ငံရေးစနစ်နဲ့ ရပ်တည်နေတဲ့ ပြိုင်ဘက်လည်းဖြစ်တယ်” ဆိုတာတွေကို ကြည့်ရင် သိနိုင်တယ်။
နဂါးပတ်လမ်းနဲ့ပတ်သက်ပြီး G7 မှာ ပထမဆုံး နားလည်မှုသဝဏ်လွှာကို လက်မှတ်ထိုးခဲ့တဲ့ အီတလီ၊ တရုတ် လူချမ်းသာတွေရဲ့ တိုးရစ်အလည်အပတ်လုပ်ငန်းတွေနဲ့ ဟွာဝေးဈေးကွက်ကို အလဲအထပ်လုပ်ခဲ့တဲ့ မိုနာကို၊ အဲယားဘတ်စ်ဂျက်လေယာဉ် အစီးသုံးရာမှာပြီး ပြင်သစ်တွေ အကျပ်ရိုက်နေတဲ့ အနောက်အာဖရိက အစွန်းရောက်တိုက်ခိုက်မှုတွေအတွက် ဟွာဝေး 5G ဆက်ကြောင်းကို သုံးဖို့ဆိုတာတွေကို ချိန်ကြည့်လိုက်ရင် ရှီကျင့်ဖျင်ရဲ့ ဥရောပ ၆ ရက်ခရီးဟာ ဥရောပကို အမေရိကန် သိမ်းသွင်းမှုအောက်ကနေ မသိမသာ ဆွဲထုတ်နိုင်ခဲ့တဲ့ သဘောအဖြစ် တွေ့မြင်ရတာပဲဖြစ်တယ်။ ငွေက စကားပြောတဲ့ သဘောပါပဲ။
ကုန်သွယ်စစ်နဲ့ ပတ်သက်ပြီး တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ အမေရိကန် ဒုသမ္မတ မိုက်ပင့်စ်က တရုတ်ရဲ့ နဂါးပတ်လမ်းကို အကြွေးသံခင်းတမန်ခင်း ဆက်ဆံရေး (Debt Diplomacy) လို့ မနှစ်က အောက်တိုဘာ မိန့်ခွန်းမှာ ထိုးနှက်ခဲ့တာကို နိုင်ငံတကာ အသိုင်းအဝန်းက ဒုတိယ သံကန့်လန့်ကာမိန့်ခွန်းလို့ နာမည်ပေးခဲ့တယ်။
ယနေ့ခေတ်ရဲ့ စီးပွားရေး နိုင်ငံရေးမှာ အရေးအကြီးဆုံး ရောထွေးလိမ်ယှက်နေတဲ့ ဈေးကွက်၊ နည်းပညာနဲ့ ပထဝီနိုင်ငံရေး အားလုံးကို ကုန်သွယ်စစ်မှာ ပေါင်းစုံ တွေ့မြင်ကြရတာ ဖြစ်တယ်။ ဒုတိယစစ်အေးသစ်ဟာ ဥရောပမြေပေါ် နောက်တဖန် ပြန်ရောက်ရှိလာခဲ့ပြန်ပါပေါ့။ ဒီတခါ အမေရိကန်တွေ့ရတဲ့ ပြိုင်ဘက်ဟာ ဆိုဗီယက် ဘယ်တုန်းကမှ လိုက်မယှဉ်နိုင်ဘူးတဲ့ ကြွယ်ဝချမ်းသာမှုနဲ့ နည်းပညာတပ်မက်မှုနဲ့ ဖြစ်တယ်။
ကျော်ဇောခိုင်










