DVB Logo
Home
မြန်မာသတင်း
သတင်းထောက် ၁ ဦးနှင့် အောင်သပြေရွာသား ၂ ဦးကို ချုပ်ရက် ရမန် ထပ်ယူ
DVB
·
May 29, 2019
သတင်းထောက် ၁ ဦးနှင့် အောင်သပြေရွာသား ၂ ဦးကို ချုပ်ရက် ရမန် ထပ်ယူ
Donate to DVB

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးဖို့ဆန္ဒပြစဉ် ရဲနဲ့ပဋိပက္ခဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့  ရွာသား ၂ ဦးနဲ့ သတင်းထောက် ၁ဦးတို့ကို ဒီမနက် ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

မန္တလေးအခြေစိုက် Channel Mandalay TV သတင်းဌာနက သတင်းထောက် ကိုအောင်ကြည်မြင့် (ခ)  နန္ဒတစ်ကိုယ်နဲ့ အောင်သပြေကျေးရွာ ဒေသခံ ကိုမင်းနိုင်နဲ့ ကိုချစ်မင်းသူတို့ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၁၁၄၊ ၄၃၅၊ ၃၃၃ တို့နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးထားတာပါ။

ဒီကနေ့ မေလ ၂၉ ရက်ကနေ  ဇွန်လ ၁၂ ရက် အထိ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ဆက်လက်ချုပ်ထားဖို့ ပုသိမ်ကြီးမြို့မရဲစခန်းက ဒုတိယအကြိမ် ချုပ်မိန့်ရမန် ထပ်မံယူခဲ့ပါတယ်။

သတင်းထောက် ကိုအောင်ကြည်မြင့်က “တကယ်အပြစ်ရှိတဲ့သူကို တကယ်ကျူးလွန်လို့ ဖမ်းဆီးချုပ်နှောင်ထားတာလား၊ တကယ်မကျူးလွန်ဘဲနဲ့ ဖမ်းဆီးချုပ်နှောင်ထားလား ကျနော်တို့ မေးမယ်။ ဒီကနေ့ မန္တလေးတိုင်းရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားတာတွေ ဟာ ဥပဒေနဲ့မညီဘူး”လို့ ပြောပါတယ်။

သတင်းထောက် ကိုအောင်ကြည်မြင့်ဟာ ရဲလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရွာသားတွေ ထိပ်တိုက်တွေ့ပြီး ပဋိပက္ခဖြစ်နေတာနဲ့ ပတ်သက်ပြီး  ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက် ထုတ်လွှင့်နေချိန်မှာ သူ့ရဲ့ ဖုန်းကို ပိတ်ခိုင်းပြီးရဲက ဖမ်းဆီးခံတာ ဖြစ်ပါတယ်။

အောင်သပြေကျေးရွာရှိ ဦးရွှေအုန်းနဲ့ ရွာသားတွေကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းအတည်ပြုပေးဖို့ သွားရောက်တဲ့အခါမှာ အောင်ပြေကျေးရွာ အဝင်လမ်းမကြီးပေါ်မှာ ရွာသူ ရွာသားတွေက လူစုလူဝေးနဲ့ လမ်းကို တားဆီးပိတ်ဆို့တာတွေ၊ မီးရှို့တာတွေလုပ်ခဲ့တဲ့အပြင်လေးခွ၊ ကုန်းသီး၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ဦးရွှေအုန်းနဲ့အတူ ရွာသား ၁၄ ဦးကို အမှုဖွင့်ထားတယ်လို့ ပုသိမ်ကြီးမြို့နယ် တရားရုံး ပြန်ကြားရေးတာဝန်ခံ တရားသူကြီး ဦးနေမျိုးဗိုလ်က ပြောပါတယ်။

မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေတာဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတယ်ဆိုပြီး ဒေသခံတွေက ကန့်ကွက်ကြပြီး စီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013