DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ် ကျေးရွာများတွင် ရေအလှူရှင် အရေးပေါ်လိုအပ်နေ
DVB
·
May 29, 2019
ပုလဲမြို့နယ် ကျေးရွာများတွင် ရေအလှူရှင် အရေးပေါ်လိုအပ်နေ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပုံတောင်ဝန်းကျင်ဒေသက တောင်ပေါ်ကျေးရွာတချို့မှာ သောက်သုံးရေရှားပါးပြတ်လပ်နေပြီး ရေအလှုရှင်တွေ နေ့စဉ်လိုအပ်နေပါတယ်။

အရင်နှစ်ကထက် အပူချိန်မြင့်မားတာကြောင့် စိမ့်စမ်း၊ ရေတွင်း၊ ရေကန်တွေ ရေခမ်းခြောက်ကာ ရေပြတ်လပ်နေတာဖြစ်ပါတယ်။

ရေချမ်းသာ၊ သဲထူး၊ သက္ကယ်ကျင်း၊ ရေသာ၊ ကုန်းရွာ၊ ချမ်းသာအောင် စတဲ့ကျေးရွာ ၆ ရွာက အိမ်ခြေ ၄၀၀ ဝန်းကျင်မှာ ရေပြတ်လပ်နေပြီး အရေးပေါ် အခြေအနေဖြစ်နေတာလို့ ဒေသခံ ပုလဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က  ပြောပါတယ်။

"သက္ကယ်ကျင်း၊ ရေသာတို့က ပေ ၁၀၀၀ ကျော်အထိ မြေအောက်ရေမရှိတာ။ မြေအောက်ရေ တိုင်းတာရှာဖွေရေးအဖွဲ့တွေ လာပြီးပြီ။ သူတို့က စိမ့်စမ်းရေသွယ်ပဲရတာ။ အခုက ပူတော့ ညစိမ့်စမ်းတွေ ခမ်းခြောက်ပြီးပြတ်တာပေါ့။ ကျန်တဲ့ ၄ ရွာလောက်ကတော့ ရေတွင်း တူးမယ်ဆိုရင် ရနိုင်တယ်။ နောက်ထပ်လည်း ၄၊ ၅ ရွာလောက်က ရေပြတ်တော့မယ်ဆိုပြီး အကြောင်းကြားထားတာတွေ ရှိနေတယ်။ လောလောဆယ်တော့ မြို့နယ် မီးသတ်၊ ကျေးလက်နဲ့ စေတနာရှင်တို့က လာပြီး လှူနေတာတွေရှိတယ်။ မိုးမရွာမချင်းကတော့ အခက်အခဲဖြစ်နေဦးမှာပဲ။ ရေပြတ်နေတာတော့ ၃ ပတ်လောက်ရှိပြီ။”

နွေရာသီမှာ သောက်သုံးရေပြတ်လပ်ပါက နီးစပ်ရာ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးတွေကို ဆက်သွယ်အကြောင်းကြားပေးဖို့ တိုင်းကျေးလက်ဦးစီးဌာနကလည်း နွေဦးရာသီ ကတည်းက ကြေညာထားပါတယ်။

လက်ရှိပုလဲမြို့နယ်မှာ ရေပြတ်တာနဲ့ပတ်သက်ပြီး လာရောက်သွယ်တာ မရှိသေးပေမယ့် စုံစမ်းပြီး လိုအပ်တဲ့ အကူအညီပေးသွားမယ်လို့ တိုင်းကျေးလက်ဦးစီးမှုးက ပြောပါတယ်။ ဒါ့အပြင် ပုလဲမြို့နယ်က တောင်ပေါ် ၅ ရွာကိုလည်း ၂ လက်မတွင်းတူးပေးဖို့ စီမံနေတယ်လို့ ဆိုပါတယ်။

တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက "တတိုင်းလုံးမှာ မုံရွာ၊ ချောင်းဦး၊ ဝက်လက်၊ ကသာ၊ ကလေးမြို့နယ်တွေက ကျေးရွာ ၁၇ ရွာကို ရေရရှိရေး လုပ်ဆောင်ပေးခဲ့တယ်။ လောလောဆယ်တော့ ကလေးနှင့် ကသာမြို့နယ်မှာ ဌာနကနေ နေ့စဉ် ရေပေးဝေနေတာ ၂ ရွာရှိတယ်။ ပုလဲမြို့နယ်က အခုရေပြတ်တယ်ဆိုတဲ့ ရွာတွေကတော့ ဆက်သွယ်လာတာမရှိသေးဘူး။ ဒါပေမယ့် တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေကနေ ၂ လက်မတွင်းတူးဖို့ စီမံနေတာက အေးချမ်းသာ၊ မဲချောင်း၊ ၅၅ မိုင်၊ ချမ်းသာအောင်၊ ရေသာ အဲဒီ ၅ရွာကိုတော့ ပိုလျှံငွေက ခွင့်ပြုချက်ကျရင် သိပ်မကြာဘူး အကောင်အထည်ဖော်မှာပေါ့။ ချက်ချင်းလုပ်ပေးမှာ။ ရေရှိရေးအတွက် ဌာနကနေ နည်းလမ်း ၅ သွယ်နဲ့ ဆောင်ရွက်ပေးနေ ပါတယ်"လို့ ပြောပါတယ်။

ပုလဲမြို့နယ်အတွင်းက တချို့ကျေးရွာတွေဆို ရေစုကန်တွေရှိပေမယ့် နွေအပူကြောင့် ကန်ထဲက ငါးတွေသေဆုံးပြီး ပုပ်ပွကာ ရေက သောက်သုံးလို့ မရတဲ့ အနေအထားတွေလည်း ရှိပါတယ်။

ရေလှူဒါန်းလိုသူတွေအနေနဲ့ ရေပြတ်တဲ့ကျေးရွာတွေကို တိုက်ရိုက်သွာရောက် လှူဒါန်းနိုင်သလို ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးကနေ တဆင့်လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013