DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် စစ်တပ်ဖမ်းဆီး  
DVB
·
May 29, 2019
ကျောက်မဲမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် စစ်တပ်ဖမ်းဆီး  
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းတင့်ချိုကို လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ငွေကောက်ခံပေးမှုနဲ့ နယ်မြေခံ စစ်တပ်က ဖမ်းဆီးထားပြီး တလကျော်ကြာတဲ့အထိ ပြန်လွှတ်မပေးသေးပါဘူး။

ဦးစိုင်းတင့်ချိုကို ကျောက်မဲမြို့နယ် စရဖ ( စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ )က ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က ဖမ်းဆီးပြီး ရဲတပ်ဖွဲ့လက်ထဲကို အပ်လိုက်ကြောင်း၊ အမှုကိုတော့ စစ်ဆေးခြင်း မရှိသေးပဲ ရမန်ကြီးယူဖို့  ၁၄ ရက်တကြိမ် တရားရုံးကို လာရတယ်လို့ ကျောက်မဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းထွန်းဥာဏ်က ပြောပါတယ်။

“သူတို့ခေါ်သွားရတဲ့အကြောင်းက လက်နက်ကိုင်အဖွဲ့တွေကို ငွေကောက်ခံပေးတဲ့အတွက် မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ငြိတယ်လို့ ပြောပါတယ်။ တရားရုံးမှာ စစ်ဆေးတဲ့ အဆင့်တော့ မရောက်သေးဘူး။ ၁၄ ရက်တခါ ရမန်ကြီးလာယူတာဘဲရှိတယ်။ သူ့ကိုဖမ်း သွားတော့ မိသားစုဝင်တွေနဲ့ ရွာသားတွေက ကျနော်တို့ပါတီကို လာပြီးအကူအညီ တောင်းတယ်။ ကျနော်တို့ကလည်း  တတ်နိုင်တဲ့ဘက် ဥပဒေဘောင်ထဲကနေ ကူညီနေပါတယ်။ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး အမှုမမြောက်အောင် ကြိုးစားပေးနေတယ်။ အမှုမမြောက်ရင် ပြန်လွတ်လာမယ် ပေါ့နော်၊ အမှုထင်ရှားပြီး ပြစ်ဒဏ်ချလိုက်ရင်တော့ ပြစ်ဒဏ်အသက်ညှာဆုံးပေးဖို့ ကြိုးစားမယ်။

”ဦးစိုင်းတင့်ချိုဟာ စိတ်ရင်းစေတနာကောင်းပြီး ရပ်ရေးရွာရေး စိတ်အားထက်သန်စွာ ကျေးရွာကို မျှတကောင်းမွန်စွာအုပ်ချုပ်နိုင်တာကြောင့် ရွာသားတွေရဲ့ ချစ်ခင်လေးစားမှုရကာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ၂ ကြိမ်ဆက်တိုက်အရွေးခံခဲ့ရကြောင်း၊ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ အစည်းတွေလှုပ်ရှားသွားလာတဲ့ဒေသဖြစ်လို့ အဖွဲ့အစည်းတွေနဲ့ လွတ်ကင်းအောင်နေ လို့မရဘဲ အဘက်ဘက်ကိုအဆင်ပြေအောင် ပြောဆိုနေထိုင်ရတယ်လို့ ဦးစိုင်းထွန်းဥာဏ်က ပြောပါတယ်။

ဦးစိုင်းတင့်ချို ဖမ်းဆီးခံရပြီးတဲ့နောက် အခြားရွာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်း အလားတူ ဖြစ်မှာစိုးရိမ်ပြီး နှုတ်ထွက်ချင်တာတွေလည်းရှိနေကြပါတယ်။

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့  အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင်ခဲ့ရင် ဥပဒေအရ ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်ထိကျခံရနိုင်တာဖြစ်ပါတယ်။

ဓာတ်ပုံ - Sai Myint Bo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013