DVB Logo
Home
Lead Story
မုတ်သုံမိုးနှင့်အပြိုင် (အယ်ဒီတာအာဘော်)
DVB
·
May 29, 2019
မုတ်သုံမိုးနှင့်အပြိုင် (အယ်ဒီတာအာဘော်)
Donate to DVB

မုတ်သုံလေဦးရောက်ရှိရာ ဒေသများတွင် မွန်းလွဲ နေ့ပိုင်း အချိန်အခါများ၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလေ့ရှိပြီး ရာသီဥတု ဆိုးရွားတတ်သည်ဟု မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေး ထုတ်ပြန်ထားသည်။

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့်အချိန် မေလတွင် ရုတ်တရက် မိုးသက်လေပြင်းကျခြင်း၊ မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး မိုးကြိုးပစ်ခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်။

ယခုရက်ပိုင်း ရန်ကုန်အပါအဝင် မြန်မာပြည်ဒေသ အသီးသီးတွင် ဖြစ်ပေါ်နေသည့် ရာသီဥတု ဖြစ်စဉ်တွေကလည်း မုတ်သုံလေဝင်ခါစ ဥတုရာသီ အခြေအနေကို ထင်ဟပ်နေသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ စာရင်းဇယားအရ ဧပြီနှင့် မေလအတွင်း မြန်မာနိုင်ငံတဝန်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူ ၇ ဦး သေဆုံးပြီး အိမ်ထောင်စုပေါင်း ၁၃,၀၀၀ ကျော် လေဘေးဒဏ် ခံစားခဲ့ရသည်ဟု သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ယခုနှစ် မေလ ၁၀ ရက်အတွင်း မိုးကြိုးပစ်သဖြင့် လူ ၃၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။ လေဘေးကြောင့် နေအိမ်များ ပြိုကျပျက်စီးဆိုသည့် သတင်းများကိုလည်း နေ့စဉ်ရက်ဆက် တွေ့မြင် ကြားသိနေရသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဆက်လက်ဝင်ရောက်နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် မိုးတိမ်တောင်အန္တရာယ် ရှိနေသည်ဟု မိုးလေဝသဌာနက ယခုရက်ပိုင်းတွင် အသိပေး နှိုးဆော်ထားသည်။

မကြာသေးခင်ကပင် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်စပ် ပင်လယ်ပြင်တွင် လေပြင်းကျရောက်ချိန် စက်လှေမှောက်သဖြင့် ရေလုပ်သား  ၈ ဦး ရေနစ်သေဆုံးခဲ့ရသည်။

ရာသီဥတုဆိုးရွားသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆင်းသက်မှုများ ရပ်နားရသည့်သတင်း၊ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းရသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ထို့အပြင် ဥတုပြောင်း ရာသီပြောင်းတွင် ဖြစ်ပွားလေ့ရှိသည့် တုပ်ကွေးဖျားနာ ဝမ်းပျက်ဝမ်းလျှော သွေးလွန်တုပ်ကွေး စသည့် ရောဂါဘယများကလည်း အခြားတဖက်တွင် စောင့်ကြိုနေလေ့ ရှိပြန်သည်။

တခါ ဆည်တွေမှာ ရေခန်းခြောက်နေလို့ လျှပ်စစ်ဓာတ်အား လုံးဝမထုတ်လုပ်နိုင်တော့သည့် ရေအားလျှပ်စစ်စက်ရုံ ၆ ရုံအထိ ရှိနေပြီး တချို့က တနေ့ကို ၂ နာရီ၊ တချို့က တနေ့ ၄ နာရီသာ ဓာတ်အားထုတ်နိုင်သည့် စက်ရုံများလည်း ရှိနေသည်ဟု သက်ဆိုင်ရာဌာနက လွှတ်တော်မှာ ရှင်းလင်းပြောကြားနေရသည်။

ဒီသတင်းက မြန်မာနိုင်ငံလို လျှပ်စစ်ဓာတ်အားအတွက် ရေအားလျှပ်စစ်စက်ရုံများကိုသာ အားကိုးနေရသည့် နိုင်ငံအတွက် ဆက်လက် မီးပြတ်နေဦးမည်ဆိုသည့် အချက်ပေးသံဖြစ်သည်။

ဒေါက်တာထွန်းလွင်ကတော့ မေ ၂၈ ရက်တွင် “ဒီနေ့ရာသီဥတုကို ဆောင်ပုဒ်နဲ့ ပြောရရင်တော့ Hotter, Wetter and Drier. Face the Future ဖြစ်ပါတယ်။” ဟု ရေးတင်ထားသည်။

သို့ပါ၍ ပြည်သူလူထုအနေဖြင့် အစစ သတိကြီးကြီးထားပြီး သွားလာနေထိုင် စားသောက်ရမည့် အချိန်ကာလဖြစ်သည်ဟု ဆိုရမည်ဖြစ်ပြီး မုတ်သုံမိုးနှင့်အပြိုင် ဝင်ရောက်လာတတ်သည့် အန္တရာယ်အဖုံဖုံကို သတိပေးလိုရင်းဖြစ်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013