DVB Logo
Home
မြန်မာသတင်း
မြန်မာကလေးသူငယ်များ၏ အခြေအနေ ကဏ္ဍတော်တော်များများတွင် တိုးတက်လာ
DVB
·
May 29, 2019
မြန်မာကလေးသူငယ်များ၏ အခြေအနေ ကဏ္ဍတော်တော်များများတွင် တိုးတက်လာ
Donate to DVB

မြန်မာနိုင်ငံက ကလေးသူငယ်တွေရဲ့ အခြေအနေဟာ  ကဏ္ဍတော်တော်များများမှာ တိုးတက်လာခဲ့ပေမယ့် အရွယ်မတိုင်ခင်အိမ်ထောင်ကျတာ၊ ကလေးလုပ်သားနဲ့ ကျောင်းထွက်နှုန်း စတာတွေ မြင့်တက်နေတုန်းပဲလို့ Save the Children အဖွဲ့က ဆိုပါတယ်။

နိုင်ငံတကာကလေးများနေ့ အကြိုထုတ်ပြန်တဲ့ နှစ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း မြန်မာနိုင်ငံမှာ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ သိသိသာသာ တိုးတက်လာခဲ့ပေမယ့် အသက် ၅ နှစ်အောက်ကလေး ၁၀၀၀ မှာ ၄၈ ဒသမ ၆ ယောက် သေဆုံးတာ၊ ကလေး ပုညှက်တာက ၂၉ ဒသမ ၃ ရာခိုင်နှုန်း၊ ကလေးသူငယ်ကျောင်းထွက်နှုန်း ၁၈ ဒသမ ၈ စတဲ့အချက်တွေက မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ ကလေးတွေအဓိက ရင်ဆိုင်နေရဆဲ ဖြစ်တဲ့ ပြဿနာတွေ လို့ ဆိုပါတယ်။

ပြီးတော့ အရွယ်မရောက်မီ အိမ်ထောင်ကျနှုန်း ၁၁ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ကလေးလုပ်သား ၉ ဒသမ ၃ ရာခိုင်နှုန်းတို့ဟာလည်း မြင့်မားနေသေးတယ်လို့ ဆိုပါတယ်။

Save the Children ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Michael McGrath က ပဋိပက္ခဖြစ်တဲ့နေရာတွေဟာ ကလေးတွေအတွက် အန္တရာယ်အရှိဆုံးနေရာတွေဖြစ်ပြီး တာဝန်ရှိ အဖွဲ့အစည်းအားလုံးက အကာအကွယ်ပေးရေး ဦးစားပေးဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ပဋိပက္ခနဲ့ စစ်ဘေးဒဏ်သင့်တဲ့ဒေသတွေမှာ ကလေးတွေရဲ့ ပညာရေး မကြာခဏ ထိခိုက်တာတွေရှိနေပြီး ကျန်းမာရေးစောင့်ရှောက်တာနဲ့ အာဟာရ ရတာမှာလည်း ပိုပြီးခက်ခဲ ပါတယ်။ စစ်ပွဲကြောင့် ထိခိုက်ရတဲ့ ကလေးတွေကို အကာအကွယ်ပေးရေး တိုးမြှင့်ဖို့အတွက် အဖွဲ့အစည်းအားလုံးကို ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ နေကြရတဲ့ ကလေးတွေအပေါ် ကြီးလေးတဲ့ ချိုးဖောက်မှုတွေ အားလုံးနဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ လုပ်ရပ်အားလုံးကို အဆုံးသတ်ဖို့နဲ့ အဲဒီကလေးတွေရဲ့ အခွင့်အရေးတွေကို အလေးထားဖို့ တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေထဲမှာ ကလေးသူငယ်တွေအပေါ် ကြီးလေးတဲ့ ချိုးဖောက်မှုတွေကနေ အကာအကွယ်ပေးရေးဆောင်ရွက်နေတဲ့ အစိုးရကော်မတီအနေနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့နဲ့ အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။

စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေဟာ ဘေးကင်းတဲ့ ကြားခံနယ်မြေပဲ ဖြစ်သင့်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေ တပ်စွဲနေထိုင်တာ မရှိသင့်တာကြောင့် အစိုးရအနေနဲ့ စာသင်ကျောင်းတွေဘေးကင်းလုံခြုံရေး နိုင်ငံတကာ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးဖို့ကို လည်း တိုက်တွန်းပါတယ်။

ပြီးတော့ ဒုက္ခသည်စခန်းတွေပိတ်သိမ်းရာမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေး တွေကို လေးစားတန်ဖိုးထားပြီး နေရပ်စွန့်ခွာတဲ့ ပြဿနာကို ရေရှည်ကုစားဖြေရှင်းတဲ့နည်းလမ်းနဲ့ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံပေါင်း ၁၇၆ နိုင်ငံမှာ ရှိတဲ့ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှုရတာ စတဲ့အချက်တွေကို သုံးသပ်ဖော်ပြထားတဲ့ ဒီအစီရင်ခံစာမှာ စင်ကာပူနိုင်ငံဟာ ကလေးတွေကို ကာကွယ်စောင့်ရှောက်မှု အကောင်းဆုံးပေးနိုင်တဲ့ နိုင်ငံအဖြစ်ရပ်တည်နေပြီး တောင်ကိုရီးယားနဲ့ အနောက်ဥရောပ ၈ နိုင်ငံဟာ ထိပ်ဆုံး ၁၀ နိုင်ငံမှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံကတော့ အဆင့် ၁၀၉ မှာ ရပ်တည်နေပါတယ်။ ဘော့စနီးယားနဲ့  ဟာဇီဂိုးဗီးနားက မနှစ်ကထက် အဆင့်ကျသွားလို့ ဒီနှစ် အဆင့် ၃၈ မှာ ရှိနေပြီး ဗဟိုအာဖရိက၊ နိုင်ဂျာနဲ့ ချဒ် နိုင်ငံတို့က ကမ္ဘာ့မှာ အနိမ့်ဆုံး ၃ နိုင်ငံဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013