DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အအောင်မြင်ဆုံးဖြစ်ဟု ၀န်ကြီးချုပ်ပြော
DVB
·
May 28, 2019
ကယားပြည်နယ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အအောင်မြင်ဆုံးဖြစ်ဟု ၀န်ကြီးချုပ်ပြော
Donate to DVB

ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း လုပ်ဆောင်ချက်တွေထဲမှာ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍဟာ အအောင်မြင်ဆုံး ဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။

ဒီကနေ့ မေလ ၂၈ ရက်က လွိုင်ကော်မြို့မှာ ကျင်းပတဲ့ အစိုးရရဲ့ တတိယ တနှစ်တာကာလ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ  ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။

“ကျနော်တို့အစိုးရရဲ့ ဒီသုံးနှစ်တာကာလအတွင်းမှာ ဆောင်ရွက်ခဲ့တာကတော့ လမ်းပန်း ဆက်သွယ်ရေးနဲ့ လျှပ်စစ် ဒါကိုပဲ အလေးထားပြီးမှ တပြည်နယ်လုံးအတိုင်းအတာအနေနဲ့ ကြိုးပမ်းဖော်ဆောင်တဲ့နေရာမှာ လမ်းပမ်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ကောင်းတဲ့အတွက်ကြောင့် ဟိုတယ်နဲ့ ခရီးကဏ္ဍဟာ အတော်အောင်မြင်နေပါတယ်။ အအောင်မြင်ဆုံးလို့ သတ်မှတ်လို့ ရပါတယ်။ ဒါကြောင့် ဒီသုံးနှစ်တာကာလအတွင်းမှ အအောင်မြင်ဆုံးလုပ်ငန်းတခုကို ပြောမယ်ဆိုရင် ကျနော့်အနေနဲ့  ဟိုတယ်နဲ့ ခရီးကဏ္ဍ ဖြစ်တယ်ဆိုတာကို ဖြေကြားလိုပါတယ်”

လွိုင်ကော်မြို့မှာ ဟိုတယ်ပေါင်းမြောက်များစွာ တည်ဆောက်နိုင်ခဲ့ပြီး အရင်က အခန်းပေါင်း ၃၀ ကျော် ၄၀ လောက်ပဲရှိရာကနေ  လက်ရှိ အခန်းပေါင်း ၄၀၀ ကျော်အထိ တည်ဆောက် နိုင်ခဲ့တယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကို ဆက်လက်ပြီးတိုးချဲ့ဆောင်ရွက်ဖို့ရှိပြီး ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လာရင်လည်း မူဝါဒတွေနဲ့အညီ ဆက်လက်ဖိတ်ခေါ်ပြီး စီမံလုပ်ဆောင်သွားမယ်လို့ လည်း ပြောပါတယ်။

ဒါ့အပြင် အစိုးရသက်တမ်းလက်ကျန် ၂ နှစ်တာကာလအတွင်းမှာလည်း ကျေးလက်ဒေသ အစွန်အဖျားကျေးရွာတွေ၊ လမ်းပမ်းဆက်သွယ်ရေး မကောင်းသေးတဲ့နေရာတွေမှာ လမ်းပန်း ဆက်သွယ်ရေး ကောင်းအောင်ကြိုးစားမှာဖြစ်သလို လျှပ်စစ်မီးမရသေးတဲ့နေရာတွေကို လျှပ်စစ်မီး ရရှိအောင်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် ကယားပြည်နယ်နဲ့ထိစပ်နေတဲ့ ထိုင်းနိုင်ငံနယ်စပ်ဘက်ကိုလည်း နိုင်ငံတကာ နယ်စပ်ဝင်ထွက် ဂိတ်ပေါက်တခုဖြစ်အောင်လုပ်ဆောင်ဖို့ မျှော်မှန်းထားကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ ကယားပြည်နယ် ကုန်းပိတ်ပြည်နယ်ကြီး ပွင့်သွားဖို့ဆိုတဲ့နေရာမှာ ကျေန်ာတို့ မျှော်မှန်းခဲ့တာကတော့ တကယ့် International border checkpoint အပြည်ပြည်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေး စခန်းကြီးတခုအထိကို ကျနော်တို့ မှန်းပါတယ်။ အဲဒီ ခရီးကို ရောက်ဖို့ အတွက် ကျနော်တို့ ပထမခြေလှမ်း၊ ဒုတိယ ခြေလှမ်းလောက်ပဲ စရပါသေးတယ်။  ကျနော်တို့ အများကြီးကြိုးစားကြရပါမယ်။ ကျနော်တို့ မလျော့သောဇွဲနဲ့ ကြိုးပမ်းဆောင်ရွက် မယ်ဆိုရင် သေချာပါတယ် ကျနော်တို့ ကယားပြည်နယ်သည် များမကြာမီမှာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။”

ဒီကနေ့ ကျင်းပတဲ့ ကယားပြည်နယ်အစိုးရရဲ့ သတင်းစာရှင်းပွဲမှာ ဌာနပေါင်းစုံက ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ရှင်းလင်းခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ  ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်လို့ ဒီဗွီဘီက မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013