DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် စစ်ဖြစ်နေသော်လည်း ဆန်စပါး ရှားပါးနိုင်ခြေမရှိသေး
DVB
·
May 28, 2019
ရခိုင်ပြည်နယ်တွင် စစ်ဖြစ်နေသော်လည်း ဆန်စပါး ရှားပါးနိုင်ခြေမရှိသေး
Donate to DVB

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပေမယ့်လည်း ဒီနှစ်ထဲမှာ ဆန်၊ စပါးဈေးတက်ပြီး ရှားပါးနိုင်တဲ့ အခြေအနေမရှိဘူးလို့ ပြည်နယ်အတွင်းရှိ ဆန်စပါး လုပ်ငန်းလုပ်ကိုင်သူတွေက သုံးသပ်ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီထောက်ပံ့နေတာတွေရှိသလို ပြည်မဘက်က ဈေးနိမ့်တဲ့ ဆန်တွေ ဝင်ရောက်နေတာကြောင့် မရှားပါးနိုင်ဘူးလို့ သုံးသပ်နေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဆန်၊ စပါးအသင်းဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က “ကျနော်တို့ ရခိုင်ပြည်နယ်က Export လည်းမသွားဘူး။ တရုတ်ပြည်လည်း Export မရှိဘူး။ ဘင်္ဂလားဒေ့ရှ်ကိုလည်း မသွားဘူး။ အညာကို နည်းနည်းသွားတာရှိမယ်။ မကွေးတို့၊ ရေနံချောင်းတို့ဘက်ကို ငါးမတ်ဆန် နည်းနည်းသွားတယ်။ အဲဒီဆန်က ပေါက်ဈေး ကျပ် ၂၁၀၀၀- ၂၀၀၀၀ လောက်ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီနှစ်မိုးရာသီမှာတော့ ဒုက္ခသည်တွေကိုလည်း WFP နဲ့ ICRC တို့၊ တခြားအလှူ ရှင်တို့ကလည်း ပံ့ပိုးတာရှိတယ်ဆိုတော့ ဒီနှစ်မိုးရာသီမှာတော့ အရမ်းကြီး ဆန်၊ စပါးဈေးများပြီးတော့မှ ရှားပါးနိုင်တဲ့ အခြေနေမရှိဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

လတ်တလောဆန်၊ စပါးရှားပါးနိုင်ခြေ မရှိသေးပေမယ့် ဒီနှစ်ထဲမှာ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက တောင်သူတွေ မိုးစပါးမစိုက်ပျိုးလိုက်ရဘူးဆိုရင်တော့ နောက်နှစ်တွေ မှာ အခက်ကြုံရနိုင်တယ်လို့လည်းဆိုပါတယ်။

“အခုမိုးရာသီမတိုင်ခင် ပြုပြင်ရမှာပေါ့ဗျာ။ ထွန်တုံးထွန်တန်တွေလုပ်ရမယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်ဆိုတော့ အိမ်ကိုယာကို စွန့်ပြီးတော့မှ ပြေးနေရတဲ့အချိန်မှာ သူတို့က လယ်၊ ယာ လုပ်ဖို့အတွက် တော်တော်လေးအခက်အခဲရှိနိုင်တယ်လို့ ကျနော်တို့က မှန်းဆတယ်။ သူတို့ တကယ်လို့ များ ဒီနှစ်မှာ လယ်သာမထွန်လိုက်ရဘူးဆိုရင် သူတို့ရဲ့ စားဝတ်နေရေးက တော်တော်လေး အခက်အခဲရှိနိုင်ပါတယ်။ လူတွေက ဘယ်လောက်ပေးပေး။ ဘယ်လောက်လှူလှူ၊ သူများက ပေးကမ်းစွန့်ကြဲတာပဲ စားနေရတော့ စိတ်ဆင်းရဲရမယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်”လို့လည်း ဦးရွှေထွန်းအောင်က ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကြောင့် တောင်သူလယ်သမားတွေအနေနဲ့ စပါးစိုက်ပျိုးဖို့ အခက်ခဲကြုံနေ ကြရတဲ့လို့ ဒီအမိန့်ကို ပြန်လည်ရုတ်သိမ်းပေးဖို့ လယ်သမားတွေက တောင်းဆိုကြပါတယ်။

လယ်ယာလုပ်ငန်းလုပ်ကိုင်ချိန်မှာ တောင်သူတွေအနေနဲ့ ညအချိန် ဒီရေအတက်အကျကို လိုက်ပြီး ရေမြောင်းဖောက်ချရတာတွေ၊ လယ်ကွင်းထဲမှာ တဲထိုးပြီးစောင့်ဆိုင်းနေထိုင်ရတာ တွေကြောင့် ၂၄ နာရီလုံးလုံး အလုပ်လုပ်လို့ရမှ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။

စစ်ပွဲတွေကြောင့် လယ်ယာမြေတွေကိုပစ်ထားပြီး ထွက်ပြေးလာတဲ့လယ်သမားတဦးက “ဒီအတိုင်းသာဆိုရင် ကျနော်တို့ မိုးရာသီမှာဘယ်လို လယ်တွေကိုထွန်းယက်ပြီး စားသောက်ကြ မလဲ။ ဘယ်လိုမှလုပ်ကိုင်လို့ ရမှာမဟုတ်ဘူး။ အခုလယ်တွေရော၊ ကျွဲနွားတွေရောအကုန် ဒီအတိုင်းပစ်ထားခဲ့ရတယ်”လို့ဆိုပါတယ်။

ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂကတော့ တောင်သူတွေလယ်ယာတွေကို အချိန်မှီလုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့အကူအညီတွေ စီမံဆောင်ရွက်ပေးဖို့ မေလ ၁၆ ရက်က နိုင်ငံတော်သမ္မတဆီကို တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လယ်ယာဧကပေါင်း ၁၀ သိန်းခန့်ရှိပြီး လက်ရှိတိုက်ပွဲတွေ ပြင်းစွာဖြစ်ပွားနေတဲ့ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မောင်တော-ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေဟာ ဆန်စပါး အဓိကထွက်တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013