DVB Logo
Home
မေးမြန်းခန်း
ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းကို မေးမြန်းချက်
DVB
·
November 12, 2012
ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းကို မေးမြန်းချက်
Donate to DVB

စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက ၆ ဒဿမ ၈ ရစ်ခ်ျတာစကေး ပြင်းအားရှိတဲ့ငလျင်ကြောင့် လူတဒါဇင်ခန့် သေဆုံးပြီး ၃၀ ကျော် အနည်းဆုံး ဒဏ်ရာရခဲ့သလို အဆောက်အဦတွေ၊ စေတီတွေ ပြိုကျခဲ့ပါတယ်။

မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းကို စစ်ကိုင်း၊ မန္တလေး ငလျင်နဲ့ ပတ်သက်တာအပြင် မြန်မာနိုင်ငံ ငလျင်ကြောပေါ်မှာရှိတာ၊ ပြင်ဆင်သင့်တာတွေ မေးထားပါတယ်။

စစ်ကိုင်းနဲ့မန္တလေးမှာ ငလျင်လှုပ်တာနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုတွေက ဘယ်လောက်ထိစိုးရိမ်ရလဲ။ ဘာတွေဖြစ်လာနိုင်လဲ။

“အပျက်အစီးရှုထောင့်ကတော့ ကျနော်တို့နဲ့ တိုက်ရိုက်မဆိုင်ဘူး။ ကျနော်တို့ကတော့ ဘူမိဗေဒကပဲ ငလျင်အကြောင်းပဲ အဓိကပြောရမှာပါ။ အရင်လေ့လာမှုတွေအရဆိုရင် စစ်ကိုင်းဒေသမှာဖြစ်ခဲ့တဲ့ ငလျင်တွေက ၇ ဒဿမ ၂ ကေန ၇ ဒဿမ ၅ လောက်ထိ ဖြစ်တတ်ပါတယ်။ ဒါတွေက နှစ် ၁၀၀၊ ၁၃၀ လောက်မှာ တကြိမ်ဖြစ်တာပေါ့။ အခုနေရာမှာကျတော့ ၁၉၅၆ မှာ စစ်ကိုင်းငလျင်ကြီးဆိုတာ လှုပ်ခဲ့ဖူးတယ်။ အခုက နှစ် ၆၀ လောက်မှာ ပြန်ဖြစ်တဲ့ သဘောပေါ့လေ။ ၆.၈ က အမြင့်ဆုံးပမာဏအဖြစ်လို့တော့ ယူဆပါတယ်။ ဆိုလိုတာက နောက်ထပ် ကြီးကြီးမားမား မလှုပ်သေးဘူးလို့တော့ ယူဆပါတယ်။ အခုလဲ ကွင်းဆင်းဖို့သွားနေတယ်။ လေ့လာပြီးရင်တော့ ပိုပြီးပြောနိုင်ပါလိမ့်မယ်။”

၆.၈ ဆိုတော့ ရှမ်းပြည်မှာ ၂၀၁၁ မေလကုန်ပိုင်းမှာ လှုပ်သွားတဲ့ ငလျင်ကရော ၆.၈ပဲမလား။

“ဟုတ်ပါတယ်။ အဲတုန်းကလည်း ၆.၈ပဲ။ ဒါပေမယ့် အဲတုန်းက အခုထက်ကို အသေအပျောက်ရော၊ အပျက်အစီးရော ပိုများပါတယ်။ ဒါပေမယ့် တနေရာနဲ့တနေရာက သူ့ရဲ့ နေထိုင်မှုစနစ်နဲ့ လူဦးရေနဲ့ ပြန့်ပွားမှုအပေါ် မူတည်ပြီး ပျက်စီးဆုံးရှုံးမှုတို့၊ အသေအပျောက်က နည်းနည်းကွာမှာပေါ့။”

မေ ၂၀၁၁ ဖြစ်တုန်းက ပညာရှင်တွေက ကြိုတင်ခန့်မှန်းတာတွေ ရှိခဲ့တယ်။ မန္တလေးနဲ့ ပဲခူးနဲ့ ရန်ကုန်က စိုးရိမ်ရတယ်။ ပြင်ဆင်မှုတွေလုပ်မယ်ဆိုပြီး  အဲတုန်းက သတိပေးခဲ့တာ ရှိခဲ့ဖူးတယ်မလား။

“ဟုတ်ပါတယ်။ အမြဲတမ်းလည်း သတိပေးနေပါတယ်။ တောက်လျှောက်လည်း နှစ်စဉ် ပုံမှန် ဟောပြောတာ၊ ပညာပေးတာ၊ အဆောက်အအုံတွေ စနစ်တကျ ဆောက်ဖို့ အကြံပေးတာတွေ လုပ်ခဲ့ပါတယ်။”

ဘန်ကောက်မှာအခြေပြုတဲ့ Asian Disaster Preparedness Center ကရော၊ ဂျပန်ကပညာရှင်တွေကလည်း ၇.၉ ထိ မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်နိုင်တယ်။ နေပြည်တော် အနီးတ၀ိုက်အထိတောင် ပြောတယ်ဆိုတော့ အခုက နေပြည်တော်နဲ့က တော်တော်ကင်းလွတ်သွားလား။ ဘယ်လိုမျိုးလဲ။

“အဲလိုသဘောမျိုး မဟုတ်ဘူး။ ဒီပြတ်ရွေ့ကြီးက အရေးကြီးတယ်။ ပြတ်ရွေ့တလျှောက်မှာ အပိုင်းတိုင်း အပိုင်းတိုင်းမှာ ၇ ကနေ အထက် ပေါ့။ တပိုင်းနဲ့ တပိုင်းတော့ မတူဘူးပေါ့၊ ပမာဏတွေ ဖြစ်နိုင်တယ်ဆိုတာ တွက်ပြထားပါတယ်။ နောက် ၂ ဂဏန်းကိုလည်း ဘယ်နနှစ်လောက်အကြာမှာ ဖြစ်နိုင်တယ်ဆိုတာ တွက်ထားတယ်။ ဆိုလိုတာက ကျနော်တို့တွက်တာက နှစ် ၁၀၀၊ ၁၃၀ မှာဆိုရင် ၇.၃ ဖြစ်နိုင်တယ်လို့ တွက်တယ်ဆိုတာဟာ နှစ် ၁၃၀ မှာမှ ၁ ကြိမ်ဖြစ်မယ် ပြောတာမဟုတ်ဘူး။ နှစ် ၁၃၀ မှာဆိုရင် အဲ့ပမာဏဖြစ်မယ်ပြောတာ။ ဆိုလိုတာက နှစ် ၆၀ ဆို သူ့ထက်နည်းတဲ့ ပမာဏပေါ့။ သူ့ထက်ပိုကြာသွားရင် ဒီထက်ပိုကြီးတဲ့ ပမာဏလည်းဖြစ်နိုင်တယ်၊ အဲလိုပါ။ ငလျင်ဒဏ်အားတွေ စုနေပြီး အချိန်ကာလတခုမှာ လှုပ်သွားတဲ့ သဘောမျိုးဖြစ်ပါတယ်။”

မြန်မာနိုင်ငံ ငလျင်နဲ့ပတ်သက်လို့ နောက်နှစ် အကန့်အသတ်အားဖြင့် ပြင်ဆင်မှုတွေက မြန်မာပြည်သူတွေကြားထဲမှာ ပညာပေးမှုနဲ့ ပတ်သက်လို့ရော။

“ကျနော်တို့ တောက်လျှောက်လည်း လုပ်နေပါတယ်။ လူတွေ ပိုပြီး သိနိုင်အောင်၊ အထူးသဖြင့် အဆောက်အအုံတွေက ပိုအရေးကြီးတာပေါ့။ ငလျင်အန္တရာယ်မှာ အဆောက်အအုံတွေ ပြိုကျလို့ သေဆုံးကြရတာ၊ ပျက်စီးကြတာ များတဲ့အတွက် အဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ဖို့အတွက် လိုတယ်။ ဒါကြောင့် ဂျပန်ပညာရှင်တွေ၊ ဘန်ကောက်အခြေစိုက် (ADPC)၊ စင်ကာပူအခြေစိုက် အမေရိကန်ပညာရှင်တွေအားလုံး အဖွဲ့တွေနဲ့ ကျနော်တို့ပေါင်းပြီး လုပ်နေပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ ပညာပေးမှုတွေက အများကြီး ထိရောက်မှုမရှိသေးဘူး။”

ပြီးခဲ့တဲ့နှစ်ကမှ ရှမ်းပြည်နယ် တာလေမှာ လှုပ်တယ်။ အခုအကြီးအကျယ် ထပ်ဖြစ်တယ် ဆိုတော့ မြန်မာနိုင်ငံမှာ ငလျင်ကြောနဲ့ပတ်သက်လို့ ဘယ်နေရာတွေက သတိထားရမယ့် နေရာတွေလဲ။

“မြန်မာပြည်ကိုယ်တိုင်က ငလျင်ဇုန်ပေါ်မှာရှိနေတော့ ဘယ်နေရာမဆိုတော့ အရေးကြီးတာပါပဲ။ ကျနော်တို့ ဦးစားပေးအနေနဲ့က စစ်ကိုင်းပြတ်ရွေ့က ပိုပြီး အလှုပ်ရှားဆုံးလည်း ဖြစ်တယ်။ စစ်ကိုင်းမှာ အခုလှုပ်တဲ့နေရာက ၁၉၅၆ ခုနှစ်တုန်းကလည်း လှုပ်သွားသေးတယ်။ ကျန်တဲ့နေရာတွေက ၁၉၃၀ နောက်ပိုင်းလောက်ကစပြီး ဘာမှ ထပ်မလှုပ်တော့ဘူး။ ပဲခူး၊ တောင်ငူ၊ ဖြူး၊ ပျဉ်းမနား၊ နေပြည်တော် အားလုံးက ငလျင်မလှုပ်ခဲ့တာ အတော်ကြာနေပြီ။ အားလုံးက သတိကြီးကြီးထားရမယ့် နေရာတွေ ဖြစ်နေပါတယ်။”

ပြည်သူတွေ၊ ပညာရှင်တွေ၊ အန်ဂျီအိုတွေ၊ အစိုးရပဲဖြစ်ဖြစ် ဘာတွေများ လုပ်ဆောင်ဖို့ လိုပါသလဲ။

“ပထမဆုံးတဆင့်ကတော့ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရတာတွေက အဆောက်အအုံတွေကြောင့်ဖြစ်တဲ့အတွက် အဆောက်အအုံတွေကို ကိုယ့်ဒေသမှာ ငလျင်ဒဏ် ဘယ်လောက်ပြင်းအားအထိ ခံရနိုင်တယ်ဆိုတာ သိဖို့လိုတယ်။ သိမှ အဲဒါနဲ့ခံနိုင်အောင် အဆောက်အအုံတွေကို ဆောက်ဖို့လိုတယ်။ သက်ဆိုင်ရာ ငလျင်ပညာရှင်တွေ၊ ဒီဇိုင်းပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆောက်သင့်ပါတယ်။ နောက် သာမန်လူတွေကျတော့ ကိုယ်နေတဲ့အဆောက်အဦ ခံနိုင်ရည် ဘယ်လောက်ရှိတယ်ဆိုတာ သိဖို့လိုတယ်။ တကယ်လို့ မရှိရင်လည်း ခိုင်ခံ့အောင် ပြင်သင့်ပါတယ်။ ပြင်တဲ့အဆင့်ပြီးတဲ့အချိန်မှာ ကိုယ့်အိမ်မှာ နေထိုင်တဲ့အခါမှာလည်း ဘေးအန္တရာယ်ဖြစ်စေတာက အဆောက်အအုံကြီး ပြိုကျတဲ့ အဆင့်ပြီးသွားရင် နံရံတွေ ကွာကျတာတွေ၊ မှီထားတဲ့ပစ္စည်းတွေ ပြုတ်ကျလို့ ထိခိုက်တာတွေ ဒါတွေလည်း ကြိုတင်သိထားသင့်ပါတယ်။ အမြင့်မှာရှိတဲ့ ပစ္စည်းတွေကို ခိုင်ခံ့အောင် တွဲချိတ်ထားသင့်တယ်။ ငလျင်လှုပ်တဲ့အခါမှာလည်း အဆောက်အအုံထဲက ထွက်ပြေးတာတွေ မလုပ်ဖို့၊ အဆောက်အအုံထဲ ပြေးဝင်ပြီး ခိုတာတို့ အဲဒါတွေ မလုပ်ဖို့။ ကိုယ်ရှိတဲ့နေရာမှာ ခိုင်ခံ့တဲ့ စားပွဲတို့ အောက်မှာ ၀င်ပြီး ပုန်းနေဖို့၊ အဲလို အချက်အလက်တွေ ရှိပါတယ်။ ကျနော်တို့လည်း တတ်နိုင်သမျှ ဖြန့်ဖြူးပေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013