
ကင်ညာရဲတပ်ဖွဲ့ဟာ ဩဂုတ် ၂၈ ရက်က သွင်းကုန်အခွန် တိုးမြှင့်လိုက်တာကို ဆန္ဒပြနေကြတဲ့ အသေးစားကုန်သည်တွေကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။
နိုင်ရိုဘီမြို့လယ်မှာလည်း စီးပွားရေးလုပ်ငန်း ရာပေါင်းများစွာ ပိတ်ထားတာကို မြင်တွေ့ခဲ့တယ်လို့ ရိုက်တာသတင်းထောက်က ပြောပါတယ်။
ဩဂုတ် ၂၀ ရက်က စတင်လိုက်တဲ့ အခွန်တိုးမြှင့်မှုအရ ပေ ၄၀ ကွန်တိန်နာတလုံးအတွက် အနည်းဆုံး အခွန်ကောက်ခံမဲ့ စံသတ်မှတ်ချက်ကို ကန်ညာသုံးငွေ ရှီလင် ၂ ဒသမ ၅ သန်းကနေ ၃ ဒသမ ၂ သန်း (ကန်ဒေါ်လာ ၂၄,၇၀၀ ခန့်) အထိ တိုးမြှင့်ခဲ့တာပါ။
ဒီပြင်ဆင်မှုဟာ ကုန်ပစ္စည်းတန်ဖိုး လျှော့ပြတာနဲ့ လိမ်လည်ကြေညာတာတွေကို တားဆီးဖို့ဖြစ်ပြီး အခွန်မှန်မှန်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းထုတ်လုပ်သူတွေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ကင်ညာအခွန်အာဏာပိုင်အဖွဲ့က ပြောပါတယ်။
အဲဒီရှီလင် ၃ ဒသမ ၂ သန်းဆိုတာ အနည်းဆုံး သတ်မှတ်ထားတဲ့ စံနှုန်းသာဖြစ်ပြီး ကွန်တိန်နာတိုင်းအတွက် ပုံသေတန်ဖိုး မဟုတ်ဘူးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။
ဒါပေမဲ့ ညာမာကီမာ စီးပွားရေးအသိုက်အဝန်း ဒုတိယဥက္ကဋ္ဌ ဘင်ဆန် ဂါတီတူ အပါအဝင် ဒေသခံ ကုန်သည်တွေကတော့ ဒီအပြောင်းအလဲဟာ ကုန်ပစ္စည်းရှင်းလင်းခစရိတ်ကို မြင့်တက်စေပြီး သွင်းကုန်စရိတ် သက်သာအောင် ကွန်တိန်နာတခုတည်းမှာ ပစ္စည်းစုပေါင်းတင်သွင်းနေရတဲ့ အသေးစားလုပ်ငန်းတွေကို တိုက်ရိုက် ထိခိုက်စေတယ်လို့ ထောက်ပြကြပါတယ်။
ဒါ့အပြင် ကင်ညာကုန်သည်တွေ သွင်းယူတဲ့ ကုန်ပစ္စည်း ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံက ဖြစ်ပြီး၊ တရုတ်စီးပွားရေးသမားတွေဟာ ပြည်တွင်းထဲအထိ ဝင်ရောက်ကာ လက်လီ၊ လက်ကား စီးပွားရေးတွေကိုပါ ဝင်လုနေကြတယ်လို့ စွပ်စွဲထားပါတယ်။
မွမ်ဘာဆာ ဆိပ်ကမ်းမှာ ဒေသခံကုန်သည်တွေက ကွန်တိန်နာ တလုံးကို ရှီလင် ၃ ဒသမ ၂ သန်း ပေးနေရချိန်မှာ နိုင်ငံခြားသား တရုတ်ကုန်သည်တွေက ရှီလင် ၁ ဒသမ ၈ သန်းလောက်နဲ့တင် ကုန်ပစ္စည်း ထုတ်ယူခွင့်ရနေတာမို့ အစိုးရအနေနဲ့ ဒေသခံတွေကို ပစ်ပယ်ပြီး နိုင်ငံခြားသားတွေကို မျက်နှာသာပေးနေသလားဆိုပြီး မေးခွန်းထုတ် ဆန္ဒပြခဲ့ပါတယ်။
Source:Reuters











